စစ်တပ်နဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့ ဆိပ်ကမ်းကို လျှော့ဈေးနဲ့ ရောင်းချပြီး အိန္ဒိယ Adani ကုမ္ပဏီ မြန်မာနိုင်ငံကထွက်ခွာ
စစ်တပ်နဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့ ဆိပ်ကမ်းကို လျှော့ဈေးနဲ့ ရောင်းချပြီး အိန္ဒိယ Adani ကုမ္ပဏီ မြန်မာနိုင်ငံကထွက်ခွာ
ဒဏ်ခတ်ပိတ်ဆို့မှုတွေ အကြီးအကျယ် ခံနေရတဲ့ မြန်မာစစ်တပ် နဲ့ အကျိုးတူရင်းနှီးမြှုပ်နှံထားတဲ့ ဆိပ်ကမ်းတစ်ခုကို အမေရိကန်ဒေါ်လာ သန်း ၃၀ နဲ့ မူရင်းဈေးထက် များစွာလျှော့ပေါ့ကာ ရောင်းချလိုက်ပြီလို့ အိန္ဒိယရဲ့ Adani Group ကုမ္ပဏီက ကြေညာလိုက်ပါတယ်။
ဆိပ်ကမ်းအရောင်းကြေညာစာကို မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေ ဆက်တိုက်ချမှတ်နေတဲ့ ၂၀၂၂ ခုနှစ် မေလ ကတည်းက ထုတ်ပြန်ခဲ့တာပါ။
ဒါပေမဲ့ စီမံကိန်းပြီးအောင် စောင့်နေရတာ အပါအဝင် အခြားသော အကြောင်းအရင်းတွေကြောင့် အရောင်းအဝယ် ကြန့်ကြာနေရတာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကနေ သူတို့ ကုမ္ပဏီ ပြန်လည်ထွက်ခွာဖို့ ပြင်းထန်တဲ့ တွန်းအားတစ်ခုကတော့ လက်တွဲလုပ်ဆောင်ရတဲ့ အဓိက ရှယ်ယာရှင်အနည်းစုက ဒဏ်ခတ်ပိတ်ဆို့မှုခံရတဲ့အထဲမှာပါဝင်နေလို့ပဲ ဖြစ်တယ်လို့ Adani Ports က အရင်က ပြောကြားထားပါသေးတယ်။
သူတို့အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ချိတ်ဆက်လုပ်ကိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
တကယ်တော့ Adani Ports က မြန်မာနိုင်ငံကနေ ၂၀၂၂ ခုနှစ် မတ်လကနေ ဇွန်လအတွင်း အပြီးပြန်ထွက်နိုင်ရေး ရည်ရွယ်ခဲ့ပေမဲ့ ဝယ်သူနဲ့ ဈေးညှိနှိုင်းနေရတာကြောင့် အခုလို ကြန့်ကြာသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆိပ်ကမ်းကို အမေရိကန်ဒေါ်လာ သန်း ၃၀ နဲ့ ပြန်လည်ဝယ်ယူလိုက်သူက Solar Energy ကုမ္ပဏီပဲ ဖြစ်ပါတယ်။ Solar Energy ရဲ့ အခြေစိုက်နိုင်ငံကိုတော့ လောလောဆယ် မသိရသေးပါဘူး။
၂၀၂၁ ခုနှစ် မေလက ထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတွေထဲမှာ Adani Ports ကုမ္ပဏီက မြေငှားရမ်းခ ကြိုတင်ပေးချေမှု အမေရိကန်ဒေါ်လာ သန်း ၉၀ အပါအဝင် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၂၇ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း မှတ်တမ်းထင်ထားပါတယ်။
ဒါပေမဲ့ အဆိုပါကိစ္စနဲ့ နီးစပ်သူ တစ်ဦးရဲ့ ပြောကြားချက်အရ Adani Ports အနေနဲ့ အခုအချိန်ထိ လုပ်ငန်းလည်ပတ်မှု မစတင်နိုင်သေးတဲ့ Greenfield စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၉၅ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါတယ်။
အဲဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ မေးမြန်းစုံစမ်းချက်ကို Adani Ports က တုံ့ပြန်ခြင်းမရှိသေးပါဘူး။
ဆိပ်ကမ်း အရောင်းအဝယ် ဖြစ်မြောက်ကြောင်း ကြေညာအပြီးမှာတော့Adani Ports ရဲ့ ရှယ်ယာဈေးက ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။
Ref: ရိုက်တာ
The Tanintharyi Times
