ဝဲရစ်ရွာကအရပ်သားတွေကို ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ
ဝဲရစ်ရွာကအရပ်သားတွေကို ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

သရက်ချောင်းမြို့နယ်၊ ဝဲရစ်ကျေးရွာကို ဒီကနေ့ မနက်ပိုင်းမှာ ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ဝဲရစ်ရွာထဲကနေ မနက် ၉ နာရီခွဲဝန်းကျင်က ပြန်ထွက်သွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာသင်္ချိုင်းနား အရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ဖြစ်ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
” ရွာထဲက ထွက်ပြီးသိပ်မကြာလိုက်ဘူး သေနတ်သံတွေကြားတာပဲ။ တိုက်ပွဲဖြစ်တာက ဝဲရစ်နသိမ်ကုန်းကြား လယ်ကွင်းပြင်နားမှာ ” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပေမဲ့ အရေအတွက် ကိုတော့ မသိရသေးပါဘူး။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာ မီးသတ်ရုံးမှာ အခုလက်ရှိ တပ်စွဲထားတယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့မနက် ၆ နာရီခွဲအချိန်လောက်က ဝဲရစ်ရွာမှာ အရပ်သား ၂၀ ကျော်ကို ဖမ်းဆီးခဲ့တဲ့ တပ်သားတွေဖြစ်ပါတယ်။
အဲဒီရွာသား နှစ်ဆယ်ကျော်ကိုတော့ ဖမ်းဆီးပြီး နှစ်နာရီကျော်အကြာမှာ ပြန်လွှတ်ပေးခဲ့ပြီး သူတို့ထဲက အရပ်သားနှစ်ဦးကိုတော့ စစ်တပ်က လမ်းပြအဖြစ်ခေါ်သွားခဲ့ပေမဲ့ တိုက်ပွဲအပြီးမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဝဲရစ်ရွာနဲ့ကပ်ရပ်ရွာဖြစ်တဲ့ သိမ်ကုန်းရွာ ရေတံခွန်အနီးမှာလည်း စစ်ကောင်စီတပ်သားတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိပါတယ်။
အခုအချိန်မှာ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာကနေ ဝင်းဝရွာအတွင်း ပြည်ထောင်စုလမ်းမတစ်လျှောက် စစ်ကောင်စီတပ်ကားတွေ အသွားအလာရှိနေတဲ့အတွက် ခရီးသွားပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အသိပေးထားပါတယ်။
The Tanintharyi Times