ဧပြီလ ၂၂ ရက် မနက်ခင်းသတင်း

ဧပြီလ ၂၂ ရက် မနက်ခင်းသတင်း

ပလမှာ အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှ ဆန်ဝယ်ခွင့်ရ၊ လူတစ်ယောက်ကို ဆန်နှစ်ဘူးသာဝယ်ခွင့်ပေး

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ပုလောမြို့နယ်၊ ပလမြို့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးထောက်ခံစာနဲ့မှ ဆန်ဝယ်လို့ရနေပြီး လူတစ်ယောက်ကို ဆန်နှစ်ဘူးသာ ဝယ်ခွင့်‌ပေးတော့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆန်ဝယ်တဲ့အချိန်မှာလည်းထောက်ခံစာအပြင်အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ကိုပါ ပြပြီး ဝယ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကန့်သတ်ချက်ကို ပလကျေးရွာအုပ်စု အမှတ်(၃)ရပ်ကွက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကြင်ရှိန်က သင်္ကြန်ကာလအပြီးမှာ ရွာထဲလိုက်လံအမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

ဒါကြောင့် ဒေသခံတွေ အနေနဲ့ ဆန်လိုအပ်လာရင် ဦးကြင်ရှိန်လက်မှတ်ပါ ထောက်ခံစာတစ်ချပ်ကို ငွေကျပ် ငါး‌ထောင်ပေးပြီး အရင်ဝယ်နေ ရတယ်လို့ ဆိုပါတယ်။


လမ်းမတွေပေါ်က လိုင်စင်ရဓားပြဂိတ်တွေ

စစ်ဆေးရေးဂိတ်လို့ အမည်ခံထားတဲ့ စစ်ကောင်စီတပ်နဲ့ လက်ဝေခံတွေရဲ့ ဂိတ်တွေဟာ ထားဝယ်-ရန်ကုန်ကားလမ်းမတလျောက် အာဏာသိမ်းပြီးနောက်မှာ မှိုလိုပေါက်လာနေပါတယ်။

စစ်အာဏာမသိမ်းခင်က စစ်ဆေးရေးဂိတ်နှစ်ခုလောက်သာ လမ်းမပေါ်မှာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ဂိတ်ကြီးဂိတ်ငယ် စုစုပေါင်း ၃၀ ဝန်းကျင်ရှိလာတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ခရီးသည်တွေကပြောပါတယ်။

အဆိုပါဂိတ်တွေမှာ တာဝန်ကျတဲ့ ရဲတပ်ဖွဲ့တွေ၊ စစ်ကောင်စီတပ်သားတွေဟာ စစ်ဆေးရေးလုပ်ငန်းထက် ငွေတောင်းတဲ့အလုပ်ကို ပိုအာရုံထားကြတယ်လို့ သူတို့ကဆိုပါတယ်။

“မလွှဲတောင်ဂိတ်မှာဆို ၆မျဥ်းစောင်းမဟုတ်တာနဲ့ငွေတောင်းတယ်။ အနည်းဆုံးငါးထောင်ပဲ။ ထားဝယ်မြို့အဝင်အိမ်ရှေ့ပြင်ဂိတ်က ပိုဆိုးတယ်” လို့ ခရီးသွားလာရေးလုပ်ငန်းလုပ်ကိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

၆ မျဉ်းစောင်းဆိုတာ တနင်္သာရီတိုင်းရဲ့ မှတ်ပုံတင်အစ နံပါတ်ဖြစ်တဲ့ ၆/ ကိုပြောတာပါ။ မှတ်ပုံတင်ကိုကြည့်ပြီး တခြားဒေသက ခရီးသည်တွေကို ငွေပိုတောင်းကြတာပဲ ဖြစ်ပါတယ်။


တနင်္သာရီမြို့နယ်မှာ အရပ်သားအချင်းချင်းသေနတ်နဲ့ပစ်ခတ်မှုအကြိမ်ရေစိပ်လာ

စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်မှာ အရပ်သားအချင်းချင်းသေနတ်နဲ့ပစ်ခတ်မှုဖြစ်တဲ့ ဖြစ်စဉ် ၃ ခုရှိပြီလို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

ဒီဖြစ်စဉ် သုံးခုစလုံးဟာ ပုဂ္ဂိုလ်ရေးမ‌ကျေနပ်ချက်တွေကြောင့် ပြည်သူ အချင်းချင်းပစ်ခတ်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လုံးဝသက်ဆိုင်မှုမရှိကြောင်း ဒေသတွင်းပြည်သူကာကွယ်ရေးတပ်တွေက အတည်ပြုပါတယ်။

တနင်္သာရီမြို့နယ်မှာဖြစ်ပျက်ခဲ့တဲ့ အဆိုပါကိစ္စတွေအပြင် ပု‌လောမြို့နယ်နဲ့ ဘုတ်ပြင်းမြို့နယ်တွေမှာလည်း လက်သည်မပေါ်တဲ့ မိသားစုအလိုက်စတ်ဖြတ်ခံရတာ၊ အစုလိုက်အပြုံလိုက် ပစ်ခတ် သတ်ဖြတ်တာတွေရှိခဲ့ပါတယ်။


ရေဖြူမှာ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ပစ်သတ်

ထားဝယ်ခရိုင်၊ ရေဖြူမြို့အနောက်ကမ်းမှာ ကားမောင်းလာတဲ့လူငယ်တစ်ဦးကိုစစ်ကောင်စီတပ်က သေနတ်နဲ့ပစ်လို့ သေဆုံးသွားတယ်လို့ဒေသခံတွေထံကနေသိရပါတယ်။

ယမန်နေ့ နေ့လယ်ပိုင်းက ရေဖြူနောက်ဘက်ကမ်းလမ်းဆုံမှာ တပ်စွဲနေတဲ့စစ်ကောင်စီတပ်သားတွေက ကားရပ်ခိုင်းတာကိုမရပ်ပေးလို့ဆိုပြီးပစ်ခတ်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။

သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင်အရွယ် ကိုကောင်းဝေယံဦး(ခ)သားကြီး ဖြစ်ပြီး ရေဖြူမြို့နယ်၊ သစ်တိုထောင့်ရွာဇာတိဖြစ်တယ်လို့သိရပါတယ်။

ကိုကောင်းဝေယံဦးဟာ အရင်က ရေဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး အလုပ်ထွက်ထားသူဖြစ်တယ်လို့သိရပါတယ်။


ရှမ်းကိုးရွာမှာ ရွာသား ၄ ဦး ထပ်အဖမ်းခံရ

ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ ရှမ်းကိုးရွာဒေသရှိကျေးရွာတွေက ရွာသား ၄ ဦးကို ဧပြီလ ၂၀ ရက် မနက်ပိုင်းလောက်က စစ်ကောင်စီတပ်သားတွေလာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆိပ်ဖူးရွာရှိရာဘာခြံထဲမှာနေတဲ့ဦးပုန်းရှင်ရဲ့ သားဖြစ်သူ အသက်၂၀ ကျော်အရွယ်ရှိတဲ့ကိုကျော်မျိုးဦးနဲ့ကိုအောင်မျိုးဦးတို့ကို ဖမ်းဆီးပြီးလက်ကိုင်ဖုန်းတွေပါ သိမ်းဆည်းသွားတယ်လို့သိရပါတယ်။

တဆက်တည်းမှာပဲ လုံးဖောကျေးရွာကအသက်၃ဝ ကျော်အရွယ် မမီးကမ်းဆိုတဲ့ အမျိူးသမီးကို စစ်ကောင်စီတပ်သားတွေက နေအိမ်မှာလာရောက်ဖမ်းဆီးသွားတာယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ခမောက်ကြီးမြိုအနီးက ယုဇနဆီအုန်းစိုက်ပျိူးရေးဇုန်၂က အသက်၃၀ ဝန်းကျင်ရှိတဲ့ကိုညီညီအောင်ဆိုသူကိုလည်းထပ်မံဖမ်းဆီးသွားတယ်လို့သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ ဆိပ်ဖူးကပျူစောထီးနှစ်ဦးပစ်သတ်ခံရပြီးမှဖမ်းဆီးတာဖြစ်ပါတယ်။

ဧပြီလ ၂၀ ရက် မနက်ပိုင်းလောက်က မာရမ်းရွာနဲ့ ခမောက်ကြီးမြို့အမှတ် ၄ ရပ်ကွက် တို့က အမျိုးသားနှစ်ဦးလည်းအဖမ်းခံခဲ့ရပါသေးတယ်။

ဧပြီ ၁၆ ရက်နေ့က ဆိပ်ဖူးရွာကပျူစောထီးနှစ်ဦးပစ်သတ်ခံရပြီးနောက် ရှမ်းကိုးရွာဒေသမှာ၂ရက်အတွင်းဖမ်းဆီးခံရသူ ၆ဦးအထိရှိလာပြီဖြစ်ပါတယ်။


အီးဒ်ပွဲတော်မှာ ပျော်ပွဲရွှင်ပွဲတွေမကျင်းပကြဖို့ မြန်မာမွတ်စလင်မ်နိုင်ကျဥ်းအဖွဲ့ဆို

အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝါကျွတ်အီးဒ်ပွဲတော့မှာ ဘာသာရေးပြဌာန်းချက်တွေကအပ အခြားပျော်ပွဲရွှင်ပွဲတွေ လုံးဝ မကျင်းပကြဖို့ မြန်မာမွတ်စလင်မ် နိုင်ငံရေးအကျဉ်းသားများက သဘောထားထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာ တနိုင်ငံလုံးတော်လှန်သင်္ကြန်ကျင်းပပြီးဆန့်ကျင်ခဲ့ကြပြီးဖြစ်သလို အခုလာမယ့် ဝါကျွတ်အိဒ်ပွဲတော်မှာလည်း တနိုင်ငံလုံးကမြန်မာမွတ်စ်လင်မ်တွေ ပျော်ပွဲရွှင်ပွဲမကျင်းပကြဖို့ ပြောဆိုလိုက်တာပါ။

မြန်မာမွတ်စလင်မ်တွေအနေနဲ့ ဝမ်းနည်းနေရတဲ့ လူထုရဲ့မျက်ရည်ကို ထောက်ထားတဲ့အနေနဲ့ ဖြစ်စေ၊ ဆင်းရဲဒုက္ခအမျိုးမျိုးကြားက ရပ်တည်နေရသော ပြည်သူလူထုနဲ့ လက်နက်စွဲကိုင်တော်လှန်နေကြတဲ့ မြန်မာမွတ်စလင်မ်တွေ အပါအဝင် ပြည်သူ့စစ်သည်တွေကို ထောက်ထားတဲ့အနေနဲ့လိုက်နာကြဖို့ ထုတ်ပြန်ထားတာပါ။

စစ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံက အကျဥ်းထောင်အသီးသီးမှာ အကျဥ်းကျနေတဲ့ မွတ်စလင်မ်နိုင်ငံရေးအကျဥ်းသား ရာဂဏန်းရှိနေသလို ထားဝယ်အကျဥ်းထောင်မှာလည်း အစ္စလာမ်ဘာသာဝင် နိုင်ငံရေးအကျဥ်းသားနဲ့အကျဥ်းသူ ၇ ဦးဝန်းကျင်ရှိနေတယ်လို့သိရပါတယ်။ 

The Tanintharyi Times