အီးဒ်ပွဲတော်မှာ ပျော်ပွဲရွှင်ပွဲတွေမကျင်းပကြဖို့ မြန်မာမွတ်စလင်မ်နိုင်ကျဥ်းအဖွဲ့ဆို

အီးဒ်ပွဲတော်မှာ ပျော်ပွဲရွှင်ပွဲတွေမကျင်းပကြဖို့ မြန်မာမွတ်စလင်မ်နိုင်ကျဥ်းအဖွဲ့ဆို

အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝါကျွတ်အီးဒ်ပွဲတော့မှာ ဘာသာရေးပြဌာန်းချက်တွေကအပ အခြားပျော်ပွဲရွှင်ပွဲတွေ လုံးဝ မကျင်းပကြဖို့ မြန်မာမွတ်စလင်မ် နိုင်ငံရေးအကျဉ်းသားများက သဘောထားထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာ တနိုင်ငံလုံးတော်လှန်သင်္ကြန်ကျင်းပပြီးဆန့်ကျင်ခဲ့ကြပြီးဖြစ်သလို အခုလာမယ့် ဝါကျွတ်အိဒ်ပွဲတော်မှာလည်း တနိုင်ငံလုံးကမြန်မာမွတ်စ်လင်မ်တွေ ပျော်ပွဲရွှင်ပွဲမကျင်းပကြဖို့ ပြောဆိုလိုက်တာပါ။

မြန်မာမွတ်စလင်မ်တွေအနေနဲ့ ဝမ်းနည်းနေရတဲ့ လူထုရဲ့မျက်ရည်ကို ထောက်ထားတဲ့အနေနဲ့ ဖြစ်စေ၊ ဆင်းရဲဒုက္ခအမျိုးမျိုးကြားက ရပ်တည်နေရသော ပြည်သူလူထုနဲ့ လက်နက်စွဲကိုင်တော်လှန်နေကြတဲ့ မြန်မာမွတ်စလင်မ်တွေ အပါအဝင် ပြည်သူ့စစ်သည်တွေကို ထောက်ထားတဲ့အနေနဲ့လိုက်နာကြဖို့ ထုတ်ပြန်ထားတာပါ။

မြန်မာမွတ်စလင်မ်တွေဟာ လွတ်လပ်ရေးမတိုင်မီကာလ၊ လွတ်လပ်ရေးတိုက်ပွဲကာလ၊ စစ်အာဏာရှင်တို့ရဲ့ အဖိနှိပ်ခံကာလတွေမှာ နိုင်ငံတော်နဲ့ ပြည်သူလူထုကို သစ္စာမဖောက်ပြန်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

အဲဒီလို နိုင်ငံတော်နဲ့ ပြည်သူလူထုကို သစ္စာမဖောက်ပြန်ခဲ့တာကို လက်ရှိစစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်နေတဲ့ မြန်မာမွတ်စလင်မ်စစ်သည်တွေ၊ အကျဉ်းထောင်အသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာမွတ်စလင်မ် နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံတစ်ဝှမ်း စစ်ကောင်စီကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဆန့်ကျင်နေကြတဲ့ မြန်မာမွတ်စလင်မ်လူထုကြီးက သက်သေခံလျက်ရှိတယ်လို့လည်းဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံက အကျဥ်းထောင်အသီးသီးမှာ အကျဥ်းကျနေတဲ့ မွတ်စလင်မ်နိုင်ငံရေးအကျဥ်းသား ရာဂဏန်းရှိနေသလို ထားဝယ်အကျဥ်းထောင်မှာလည်း အစ္စလာမ်ဘာသာဝင် နိုင်ငံရေးအကျဥ်းသားနဲ့အကျဥ်းသူ ၇ ဦးဝန်းကျင်ရှိနေတယ်လို့သိရပါတယ်။

ဝါကျွတ် အီးဒ်ပွဲတော်ကတော့ လကိုကြည့်ကာဆုံးဖြတ်မှာဖြစ်ပြီး မနက်ဖြန်သို့မဟုတ် သဘက်ခါမှာကျရောက်မှာဖြစ်ပါတယ်။

The Tanintharyi Times