ဗြိတိန်နဲ့ ဩစတြေးလျက မြန်မာမှာ သံအမတ်အဆင့်မထားဘဲ သံရုံးယာယီတာဝန်ခံအဆင့်သာထားဖို့ စီစဉ်နေ

ဗြိတိန်နဲ့ ဩစတြေးလျက မြန်မာမှာ သံအမတ်အဆင့်မထားဘဲ သံရုံးယာယီတာဝန်ခံအဆင့်သာထားဖို့ စီစဉ်နေ

ZinMarAung

ဗြိတိန်နဲ့ ဩစတြေးလျဟာ မြန်မာမှာ ရှိတဲ့ သူတို့သံရုံးတွေမှာ သံအမတ် အဆင့်မထားတော့ဘဲ သံရုံးယာယီတာဝန်ခံအဆင့် လျော့ချပြီးထားဖို့ စီစဉ်နေတယ်လို့ BBC သတင်းကဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက “ ယူကေသံအမတ်အနေနဲ့ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ဖို့ ငြင်းဆိုလို့ သူ့နိုင်ငံမှာပဲ ပြန်စောင့်ဖို့ ကျွန်တော်တို့ဘက်က လုပ်ထုံးလုပ်နည်းအရ သူ့နိုင်ငံကပဲ ပြန်စောင့်ဖို့ ပြောခဲ့ပါတယ်။ သံရုံးယာယီတာဝန်ခံအဖြစ် ပြန်စောင့်မယ်လို့ ဆိုပါတယ်။ ဒါကို လက်ခံလို့မရပါဘူး။ ဒီတော့ သံရုံးယာယီတာဝန်ခံဆိုရင်တော့ နောက်အသစ်ကိုပဲ လက်ခံလို့ရတယ်လို့ အကြောင်းပြန်ထားပါတယ်။” လို့ အဆိုပါသတင်းမှာ ပြောထားပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ရှင်းပြတာကတော့ ဗြိတိန်သံအမတ်ဟာ သူ့ရဲ့သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီကို မပေးအပ်ဘဲ ပြည်ပကို ထွက်ခွာပြီး ပြည်တွင်းကို ပြန်လည်ဝင်ရောက်တဲ့အခါ သံရုံးယာယီတာဝန်ခံအဖြစ် ပြန်ဝင်ဖို့လုပ်တာလို့ ဆိုတယ်။

ဩစတြေးလျကတော့သူတို့ရဲ့ သံအမတ်တာဝန်ပြီးလို့ နောက်ထပ်ခန့်အပ်သူကို သံရုံးယာယီတာဝန်ခံအနေနဲ့ပဲ ထားရှိဖို့ ဆောင်ရွက်ထားတယ်လို့ အကြောင်းကြားလာတဲ့အတွက် စစ်ကောင်စီဘက်ကလည်း အပြန်အလှန်တုံ့ပြန်တဲ့အနေနဲ့ သြစတြေးလျကို သံရုံးယာယီတာဝန်ခံအနေနဲ့ပဲ ထားရှိဖို့ ဆောင်ရွက်ထားတယ်လို့ မနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြန်ကြားရေးအဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့တယ်လို့ BBC ကရေးထားပါတယ်။

သံရုံးတွေရဲ့ သံတမန်လျှော့ချတဲ့ ကိစ္စဟာ သူတို့နိုင်ငံတွေရဲ့သဘောထားသာဖြစ်ပြီး နိုင်ငံအနေနဲ့ နိုင်ငံခြားရေးမူဝါဒအရ ဆောင်ရွက်သွားမှာဖြစ်သလို၊ အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုပြီး တုံပြန်သင့်တာတုံ့ပြန်မယ်လို့ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်က ပြောထားပါတယ်။

The Tanintharyi Times