ကွမ်းသီးနုစျေးကွက် အရင်နှစ်ထက် ပိုအားကောင်းနေ

ကွမ်းသီးနုစျေးကွက် အရင်နှစ်ထက် ပိုအားကောင်းနေ

တနင်္သာရီတိုင်းမှာ ကွမ်းသီးနုစျေးဟာ အရင်နှစ်ကထက် တက်လာတဲ့အတွက် ဝယ်လိုအားများလာသလို အဝယ်ဒိုင်တွေလည်းများလာတာကြောင့် စျေးကွက်အပြိုင်အဆိုင်ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကွမ်းသီးနု တစ်ပိဿာရဲ့အမြင့်ဆုံးစျေးဟာ အရင်နှစ်က ၅၄၀၀ ကျပ်ဖြစ်ခဲ့ပေမယ့် အခုနှစ်မှာတော့ အဆိုပါဈေးနှုန်းဟာ အနှိမ့်ဆုံးဈေးဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ကွမ်းသီးနုတစ်ပိဿာစျေးဟာ ၆၂၀၀ ကျပ် အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။

” ကွမ်းသီးနု ရောင်းရတာက ကွမ်းသီးခြောက်ရောင်းရတာထက် ပိုမြတ်တယ် ။ အချိန်ကုန်လည်း သက်သာတယ်။ ကွမ်းသီးခြောက်လုပ်တာက အချိန်သိပ်ပေးရတယ်လေ” လို့ ဒေသခံတစ်ဦးက တနင်္သာရီတိုင်းမ်သတင်းဌာနကို ပြောပါတယ်။

ကွမ်းသီးနုဟာ တနင်္သာရီတိုင်းဒေသကြီး အောက်ပိုင်းမြို့တွေမှာ အများဆုံးဆွတ်ခူးရောင်းချကြပြီး လွန်ခဲ့တဲ့ နှစ်နှစ်ကစလို့ အဝယ်လိုက်ခဲ့တာပါ။ကွမ်းသီးနု စျေးကွက်ဟာ နှစ်စဉ် ဧပြီလကနေအောက်တိုဘာလထိ ဖြစ်ပါတယ်။

ကွမ်းသီးနုတွေကို အရင်နှစ်တွေက တရုတ်နိုင်ငံက အဓိက ဝယ်ယူခဲ့တာဖြစ်ပြီး အခုနောက်ပိုင်းမှာ တခြားအိမ်နီးချင်းနိုင်ငံတွေကပါ ဝယ်ယူမှုတွေ မြင့်တက်နေပါတယ်။

The Tanintharyi Times