နိုင်ငံတကာအမျိုးသမီးများနေ့မှာ လောင်းလုံးလမ်းမတွေပေါ် ချီတက်လာတဲ့ နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှု

နိုင်ငံတကာအမျိုးသမီးများနေ့မှာ လောင်းလုံးလမ်းမတွေပေါ် ချီတက်လာတဲ့ နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှု

နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်တဲ့ ဒီကနေ့ မတ်လ ၈ ရက်နေ့ မှာ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း “ဖိုဝါဒနဲ့ စစ် ၃ စစ်…. အမြစ်ပါမကျန် တွန်းလှန်ပစ်” ဘန်နာကိုင်စွဲပြီး နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

အမျိုးသမီးတွေနဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှု ပပျောက်ရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ကျား မ တန်းတူအရေးနဲ့ လွတ်လပ်လုံခြုံတဲ့ လူ့ဘောင်တည်‌ဆောက်ရေးတို့အတွက် စစ်သုံးစစ်(စစ်တပ်၊ စစ်အုပ်စု၊ စစ်ဗျူရိုကရက်)အပါအဝင် မဟာဖိုဝါဒကိုပါ တိုက်ခိုက် ချေမှုန်းသွားကြဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်ကတည်းက လက်မှတ်ရေးထိုး ထားတဲ့ ‘အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW)’ကို အာဏာသိမ်းစစ်ကောင်စီက နေ့စဉ်နဲ့အမျှ ဖောက်ဖျက်နေပြီး မြန်မာအမျိုးသမီးထုအပေါ် နည်းမျိုးစုံနဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ ဒီလှုပ်ရှားမှုကို ဦးဆောင်တဲ့အဖွဲ့တွေက ထောက်ပြထားပါတယ်။

ဒီလှုပ်ရှားမှုကို DDMSC အဖွဲ့ဝင်အင်အားစုတွေ ဖြစ်ကြတဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)နဲ့ LGBT Community တို့က ဦးဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

The Tanintharyi Times