ကံပေါက်က ဒေသခံ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီး
ကံပေါက်က ဒေသခံ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီး
ဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ပယရွာက ဒေသခံ ၄ ဦး စစ်ကောင်စီတပ်ကဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက်၊ ၂၄ ရက် ညနေ၆နာရီလောက်မှာ စစ်ကောင်စီတပ်တွေက ပယရွာထဲကို ဝင်ရောက်လာပြီး အမျိုးသား ၃ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို ၎င်းတို့ရဲ့ နေအိမ်တွေကနေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
လာရောက်ဖမ်းဆီးတဲ့တပ်ကတော့ ကံပေါက်ဒေသအခြေစိုက် ခလရ (၂၇၃)တပ်ကဖြစ်ပြီး ဖမ်းဆီးခံရသူတွေကတော့ အသက် ၄၀ ကျော်အရွယ် မငွေစန်းနဲ့ ၎င်းရဲ့ အမျိုးသား၊ အသက် ၂၀ ဝန်းကျင်အရွယ် ကိုသီးစိန်နဲ့သူ့ရဲ့အကိုတို့ဖြစ်ကြတယ်လို့ သိရပါတယ်။
“အိမ်ကိုဝိုင်းလိုက်ပြီးမှ ဝင်ဖမ်းကြတာ။” လို့ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးချိန်မှာ မငွေစန်းတို့နေအိမ်ကတော့ ဆိုင်ကယ် ၂ စီးနဲ့ ရွှေတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ယူဆောင်သွားတယ်လို့ သိရပါတယ်။
၎င်းတို့ လေးဦးကို မူးယစ်ဆေးဝါးနဲ့ဆက်စပ်ပြီးဖမ်းတယ်လို့ ရွာခံအချို့က ခန့်မှန်းပြောဆိုတာတွေ ရှိနေပေမဲ့ အတည်ပြုလို့ ရတဲ့ အခြေအနေတော့ မတွေ့ရသေးပါဘူး။
ဖမ်းဆီးခံရသူတွေကတော့ သုံးရက်မြောက်ရှိနေပေမဲ့ အခုထိတော့ တယောက်မှ မလွတ်လာကြသေးပါဘူး။
ဒီကနေ့ မနက်စောစောပိုင်းမှာလည်း ကံပေါက်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ကား၊ ဆိုင်ကယ်တွေနဲ့ ဒေသမှာကင်းလှည့်စစ်ဆေးတာတွေပြုလုပ်နေပါတယ်။
မနက် ၉ နာရီခွဲဝန်းကျင်လောက်မှာတော့ ကံပေါက်ဒေသ၊ သီရိမင်္ဂလာရပ်ကွက်က ဘောလုံးကွင်းအနီးမှာ ကင်းလှည့်နေတဲ့ရဲတွေဘက်က သေနတ်ပစ်ခတ်တာပြုလုပ်ခဲ့သေးတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ကံပေါက်ဒေသဟာ တနင်္သာရီတိုင်းအတွင်း ဆိုင်ကယ်စီးခွင့်ပိတ်ပင်ခံထားရတဲ့ တစ်ခုတည်းသောဒေသဖြစ်ပြီး ဒီနေ့ဆိုရင် ဆိုင်ကယ်စီးနှင်းခွင့်ပိတ်ထားတာ တစ်လတိတိရှိပြီလည်းဖြစ်ပါတယ်။
The Tanintharyi Times
