ဆောင်းတွင်းဓာတ်စာ

ဆောင်းတွင်းဓာတ်စာ

လူတိုင်းကျန်းမာစေဖို့ ဆိုရင် ပြင်ပမှာကျရောက်နေတဲ့ ဥတုနဲ့ကိုက်ညီအောင် ပြုမူနေထိုင်ကြရပါတယ်။ဥတု ဆိုသည်မှာ ကကြိုးနဲ့တူလှပါတယ်။ ဥတုကကြိုးအတိုင်း စားသောက်သင့်တဲ့ဓာတ်စာကို စားပေးကြရသကဲ့ သို့ သင့်တော်မယ့် ဝတ်စားဆင်ယဉ်မှုပြုကြရပါတယ်။

ဒါကြောင့် ဆောင်းတွင်းကာလမှာ စားပေးသင့်တဲ့ဆေးဖက်ဝင်ဓာတ်စာအကြောင်း ဝေမျှပေးလိုပါတယ်။

ချင်း

အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ ချင်းကို သုပ်စားပေးနိုင်ပါတယ်။ချင်းဆိုတာက အစာခြေစနစ် အပြင် ဆောင်းကာလမှာဖြစ်လေ့ရှိတဲ့ အသက်ရှုလမ်းကြောင်းပိုင်ဆိုင်ရာ
ချောင်းဆိုးခြင်း၊ နှာစေးခြင်းတွေကို သက်သာစေပါတယ်။

သံပုရာသီး

ဗီတာမင်စီပါတဲ့ သံပုရာသီးကို ဆောင်းရာသီမှာစားပေးတာက ကိုယ်ခံအားကိုကောင်းမွန်စေပါတယ်။ သံပုရာသီးကိုပြုတ်ပြီး သုပ်စားပေးပါက သက်ကြီးတွေကို ခံတွင်းမြိန်စေပါတယ်။

လိမ္မော်သီး

အချဉ်ဓာတ်ပါတဲ့ လိမ္မော်သီးကိုစားပေးတာကလည်း ကိုယ်ခံအားကိုကောင်းမွန်စေပြီး ရာသီတုပ်ကွေးဘေးကိုလည်း ကာကွယ်ပြီးသားဖြစ်နိုင်ပါတယ်။

မန်ကျည်းသီး

“မန်ကျည်းသီးအနုသည် ချဉ်၊ ဖန်အရသာရှိ၏။အဆီခဲနာကိုနိုင်၏။ သွေး၊ သည်းခြေကို ပျက်
စေ၏။ လေကို ချုပ်စေ၏။” လို့ ညွှန်းဆိုပါတယ်။ မန်ကျည်းသီးအမှည့်က ဝမ်းသက်
ပြီး လေ၊ သလိပ်ပုတ်တို့ကို နိုင်ပါတယ်။

သြဇာသီး

သြဇာသီးကလည်း ဆောင်းဦးဓာတ်စာတစ်မျိုးဖြစ်ပါတယ်။ သြဇာသီးက အေးတဲ့အရသာရှိပြီး ပူတဲ့အခိုးရှိပါတယ်။ ရင်ကြပ်တတ်သူတွေနဲ့တော့မသင့်တော်ပါဘူး။ သဩဇာသီးက အစာကိုကြစေပြီး၊ သွေးကိုကြွစေတတ်ပါတယ်။

ခရမ်းချဉ်သီး

ဆောင်းဦးပေါက်ကာလတွေမှာ ခရမ်းချဉ်သီးပန်ထွေဖျော်က ခံတွင်းမြိန်စေတဲ့ ဟင်းတစ်
ခွက်ဖြစ်ပါတယ်။ ခရမ်းချဉ်သီးက ဝမ်းမီးကိုတောက်စေပြီး အစာကိုကြေစေပါတယ်။ မျက်စေ့နာ၊အရေပြားနာတို့ကိုလည်း သက်သာစေပါတယ်။

ကျောက်ဖရုံသီး

ကျောက်ဖရုံသီးကလည်း ဆောင်းဦးဓာတ်စာတစ်မျိုးပင်ဖြစ်ပါတယ်။ ကျောက်ဖရုံသီးက အေးတဲ့ အရသာရှိပြီး ဆီးကိုရွှင်စေပါတယ်။ သလိပ်ကိုပျက်စေလို့ ချောင်းဆိုးနာ၊မောပန်းနာ၊ မြစ်ခြောက်နာဖြစ်နေသူတွေအတွက် ပိုသင့်တော်ပါတယ်။

မန်ကျည်းရွက်

ဆောင်းဦးပေါက်မနက်ခင်းတွေမှာ မန်ကျည်းရွက်ထောင်းနဲ့ ထမင်းစားရတာခံတွင်းမြိန်လှပါတယ်။ မန်ကျည်းရွက်က “အေး၏။ ချဉ်၏။အနည်းငယ်ဖန်၏။ ချုပ်၏။ သလိပ်နှင့်လေတို့ကိုနိုင်၏။” လို့ ဆိုပါတယ်။ ရေငတ်နာနဲ့သင့်တော်ပြီး ကိုယ်တွင်းကိုအေးစေပါတယ်။

ဂေါ်ရခါးသီး

ဂေါ်ရခါးသီးက အေးချိုပြီး အပူနာကိုနိုင်ပါတယ်။ ဆီးဝမ်းကိုရွှင်စေပါတယ်။

PKN

(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)

The Tanintharyi Times