မြန်မာပြည်အတွက် ရန်ပုံငွေ ရှာဖွေမယ့် Freedom Tattoo Campaign ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ဦးဆောင် ပြုလုပ်

မြန်မာပြည်အတွက် ရန်ပုံငွေ ရှာဖွေမယ့် Freedom Tattoo Campaign ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ဦးဆောင် ပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်း ဦးဆောင်ပြီး Freedom Tattoo Campaign ကို မနေ့က စတင်ပြီး ပြုလုပ်နေပါတယ်။

မြန်မာပြည်က အရေးပေါ်အကူအညီ လိုအပ်နေတဲ့ စစ်ရှောင်ပြည်သူ နှစ်သန်းကျော်၊ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့ ပြည်သူ သန်း ၂၀ နဲ့ မတရားဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ပေးဖို့ရန်အတွက် အဆိုပါ ကမ်ပိန်းကို ပြုလုပ်တာလို့ ကင်မ်အဲရစ်က ရုပ်သံဗီဒီယိုနဲ့ ပြောဆိုပါတယ်။

“အခြေခံလွတ်လပ်မှု အခွင့်အရေးတွေအတွက် တောင်းဆိုရင်း အသက်စတေးခဲ့ကြတဲ့ ပြည်သူထောင်ပေါင်း များစွာနဲ့တကွ အားလုံးသော မြန်မာပြည်သူတွေနဲ့ တသားထဲ ရပ်တည်နေပါတယ် “ လို့ ကင်မ်က ပြောပါတယ်။

လာမယ့် ဒီဇင်ဘာ ၃ ရက်နေ့အထိ ပြုလုပ်မယ့် အဲ့ဒီကမ်ပိန်းအစီအစဉ်ထဲမှာ ကင်စ်က ဦးဆောင်ကာ နဂါးပုံ တက်တူးထိုးမှာ ဖြစ်ပြီး နဂါးပုံအောက်မှာ မြန်မာရိုးရာ လက်ဝှေ့ချန်ပီယံ တူးတူး(နဂါးမာန်) နာမည်ကို ထိုးသွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။

နဂါးပုံတက်တူးကို ရွေးချယ်ရတဲ့ အကြောင်းရင်းက နဂါးဟာ အကာအကွယ်ပေးနိုင်စွမ်းရှိခြင်း၊ ဥာဏ်ပညာကြီးခြင်း၊ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးနိုင်တဲ့ သင်္ကေတဖြစ်တာကြောင့်လို့ ဆိုပါတယ်။

မြန်မာလက်ဝှေ့ချန်ပီယံ တူးတူးကတော့ ပြီးခဲ့တဲ့ ဧပြီလက ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်မှာ သေဆုံးသွားရတာကြောင့် သူ့နာမယ်ကို နဂါးပုံနဲ့အတူ ထိုးသွားမှာ ဖြစ်တယ်လို့ ကင်မ်က ပြောပါတယ်။

“ ကျနော်ရော တူးတူးပါ စနေနေ့မှာ မွေးဖွားသူတွေ ဖြစ်လို့ မြန်မာ့ဓလေ့ ထုံးစံအရ နဂါးတွေ ဖြစ်တယ်။ သူ သေဆုံးသွားခဲ့လို့ သူကိုယ်တိုင် မတိုက်ခိုက်နိုင်တော့ပေမယ့် သူ့နာမည်ကတော့ သူ့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာပါ “ လို့ ကင်မ် (ခေါ် ) ကိုထိန်လင်းက ပြောပါတယ်။

ကမ်ပိန်းရန်ပုံငွေ ရှာဖွေမှု အစီအစဉ်မှာ ကင်မ်ရဲ့တက်တူးပုံ ပါတဲ့ တီရှပ်အင်္ကျီ၊ ခေါင်းဆောင်းပါ အနွေးထည်တွေကို ရောင်းချသွားမှာ ဖြစ်ပြီး နိုင်ငံအလိုက် သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ကမ်ပိန်းကနေ ယူရိုငွေ ပေါင် တစ်သိန်း ရရှိဖို့ မှန်းထားပြီး လက်ရှိမှာတော့ ပေါင် ၅ ထောင်နီးပါးရရှိပြီလို့ သိရပါတယ်။

Freedom Tattoo Campaign မှာ ပါဝင်သူတွေအနေနဲ့ တက်တူးထိုးပြီး တက်တူးအောက်မှာ မိမိချစ်ခင်သူတွေရဲ့ နာမည်ကို ရေးထိုးနိုင်တယ်လို့ ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီဘက်က ပြောထားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းဟာ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာပြည်က နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးရေးအတွက် အစဉ်တစိုက် တောင်းဆိုနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

The Tanintharyi Times