တစ်ပတ်တာ မြန်မာ

တစ်ပတ်တာ မြန်မာ

နိုင်ငံတဝှမ်းမှာ မေလ ၂၅ ရက်ကနေ ၃၁ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် ရှစ်ခုကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

၁။ ကျောက်ဖြူတိုက်ပွဲမှာ စကစဗျူဟာမှူးအပါအဝင် ၅ ဦးသေဆုံး၊ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင်စစ်သုံ့ပန်း အမျာအပြားဖမ်းမိ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ထဲက နှမ်းဖဲတောင်စခန်းတိုက်ပွဲမှာ အေအေရဲ့ စနိုက်ဘာနဲ့ပစ်ခတ်မှုကြောင့် တပ်မ(၁၁) နည်းဗျူဟာမှူး ဗိုလ်မှူးချုပ်ကျော်မျိုးအောင်အပါအဝင် ငါးဦးသေဆုံးတယ်လို့ ဘီဘီစီက သတင်းဖော်ပြပါတယ်။ အခုလ ၂၆ ရက်မှာ စနိုက်ဘာထိခဲ့တာ အရာရှိ နှစ်ဦး၊ အခြားအဆင့် စစ်သည် ၃ ဦး ပါတယ်လို့ အေအေနဲ့နီးစပ်တဲ့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။ ကျောက်ဖြူမြို့နဲ့ ၆ မိုင်အကွာမှာရှိတဲ့ အမှတ် ၃၂ ရဲတပ်ရင်းဘက်ကို အာရက္ခတပ်တော် အေအေက အခုလ နောက်ဆုံးအပတ်ထဲမှာ ထိုးစစ်ဆင်နေတာပါ။ ဒီတပ်ရင်းရဲ့ ကာကင်းစခန်းဖြစ်တဲ့ နှမ်းဖဲတောင်စခန်းကိုတော့ အေအေက သိမ်းပိုက်ထားပြီလို့ စစ်ရေးသတင်းအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။ ကျောက်ဖြူက တိုက်ပွဲတွေအတွင်း စစ်ကောင်စီ ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦးအပါအဝင် စစ်သုံ့ပန်း အများအပြားကိုလည်း အေအေက လက်ရဖမ်းမိခဲ့တာ ရှိနေပါတယ်။ ဖမ်းဆီးခံရတဲ့ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူကတော့ တိုင်းစစ်ဦးစီးမှူး (ပထမတန်း) /ကပအမ- ကြည်း/၃၇၅၃၂ ဒုတိယ ဗိုလ်မှူးကြီး ကျော်လင်းကြိုင်ဖြစ်တယ်လို့ နိရဉ္စရာ သတင်းဌာနက ရေးသားထားပါတယ်။

၂။ ထိုင်းဘက်ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက်တစ်ရာကျော်ပြန်လွှဲ

ထိုင်း-မြန်မာနယ်စပ်က KNU နဲ့ တိုက်ပွဲတွေအတွင်း ထိုင်းဘက်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀ ကျော်ကို နယ်ခြားစောင့်တပ် BGF ကနေတဆင့် ထိုင်းစစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းကပြန်လွှဲပေးခဲ့ပါတယ်။ ထွက်ပြေးခဲ့သူတွေက ဘလယ်ဒိုစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ ၆၃ ယောက်၊ မြဝတီမြို့နယ်ထဲက ဆုံဆည်းမြိုင် စခန်းသိမ်းတိုက်ပွဲက ၃၃ ယောက်၊ ကနဲလေး စခန်းသိမ်းတိုက်ပွဲက အယောက် ၄၀ ဝန်းကျင် ပါဝင်ပါတယ်။ သူတို့တွေကို ထိုင်းစစ်တပ်ကနေ ထိန်းသိမ်းခဲ့ပြီး နယ်ခြားစောင့်တပ် BGF ကနေတဆင့် ချိတ်ဆက်လွှဲပြောင်းပေးခဲ့တာလို့ သိရပါတယ်။

၃။ ထိုင်း-မြန်မာနယ်စပ် ဘုရင့်နောင်နဲ့ မော်ခီးစခန်းကို KNU ပူးပေါင်းတပ်တွေ သိမ်း

ထိုင်း-မြန်မာနယ်စပ်က ဘုရင့်နောင်နဲ့ မော်ခီး စခန်းကုန်းကို ကရင်အမျိုးသားအစည်းအရုံး KNU/KNLA နဲ့ ပူးပေါင်းတပ်တွေက အခုလ ၃၀ ရက် မနက်အစောပိုင်းမှာ သိမ်းလိုက်နိုင်တယ်လို့ ဘီဘီစီက ရေးသားထားပါတယ်။ ဘုရင့်နောင်စခန်းဟာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက အမြင့်ဆုံးတောင်ကုန်းပေါ်မှာ ရှိတာလို့ ဆိုပါတယ်။ ဒါ့အပြင် ကနဲလေးစခန်းကိုလည်း အခုလ ၂၈ ရက်က KNU ပူးပေါင်းတပ်တွေက သိမ်းခဲ့ပါတယ်။ ထိုင်း-မြန်မာနယ်စပ်တလျှောက်က စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို KNU က မတ်လကနေ မေလအတွင်း သိမ်းနိုင်ခဲ့ပါတယ်။

၄။ မူးယစ်ဆေးဝါးထုတ်တယ်ဆိုတဲ့ သက်ဆင်ပြောဆိုမှု ‘ဝ’ တပ်ဖွဲ့ပယ်ချ

ရွှေတြိဂံ ဒေသ၊ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ထဲမှာ ရှိနေတဲ့ ‘ဝ’ တပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးဝါး ဆက်ထုတ်နေမယ်ဆိုရင် ထိုင်းဘက်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းမယ်ဆိုတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ပြောဆိုချက်ကို ‘ဝ’ တပ်ဖွဲ့ဘက်က ပယ်ချလိုက်ပါတယ်။ ‘ဝ’ ဟာ မူးယစ်ဆေးဝါးတွေထုတ်နေပြီး မြန်မာအနေနဲ့ ဒီအခြေအနေကို မကိုင်တွယ်နိုင်ဘူးဆိုရင် ထိုင်းဘက်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုင်တွယ်မယ်လို့ မစ္စတာ သက်ဆင်က ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေးဘုတ်အဖွဲ့မှာ အခုလ ၂၇ ရက်က ပြောခဲ့တာပါ။ ‘ဝ’ တပ်ဖွဲ့ရဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကတော့ ‘‘အချိန်ကိုက်နိုင်ငံရေးလှည့် ကစားကွက်တစ်ခု ဖြစ်ပြီး အခြေအမြစ်မရှိ စွပ်စွဲချက်’’ လို့ လူမှုကွန်ရက်မှာ ရေးကြောင်း ဘီဘီစီက ဖော်ပြပါတယ်။ ထိုင်း- မြန်မာနယ်စပ်က 'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်- UWSA ထိန်းချုပ်နယ်မြေမှာလည်း တပ်သားသစ်တွေရဲ့ စစ်ရေးပြ အခမ်းအနားကို ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တာ ရှိပါတယ်။

၅။ မြန်မာက သံအမတ်ကြီးနဲ့ စစ်သံမှူးကို ပြန်ခေါ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်အတည်ပြု

ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးနဲ့ စစ်သံမှူးတို့ကို မြို့တော် ဒါကာကို ပြန်ခေါ်ထားတယ်လို့ ဘီဘီစီသတင်းဌာနကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ လက်ရှိ ကြားကာလအစိုးရအဖွဲ့ အကြံပေး မိုဟာမက်ယူနွတ်ကတော့ ရန်ကုန်မြို့ အခြေစိုက် ဘင်္ဂလားဒေ့ရှ်သံရုံးရဲ့ သံအမတ်ကြီး မက် မိုနိုဝါ ဟူစိန်ဟာ မြန်မာစစ်ကောင်စီဘက်က နှင်ထုတ်လို့ ပြန်ရတာမျိုးမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်အစိုးရက တရားဝင်ပြန်ခေါ် ထားတာလို့ တုံ့ပြန်ပါတယ်။ စစ်ကောင်စီဘက်က ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခတပ်တော်(AA)တို့ရဲ့ ထိတွေ့ ဆက်ဆံမှုတွေကို ကန့်ကွက်ရှုတ်ချခဲ့ပြီးတဲ့နောက်မှာ ဒီဖြစ်စဥ်တွေ ပေါ်ထွက်လာတာလို့ ဆိုပါတယ်။

၆။ မုတ္တမကမ်းလွန်က သဘာဝဓာတ်ငွေ့လုပ်ကွက်ကို ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီ လုပ်ခွင့်ပြု

မြန်မာနိုင်ငံအခြေစိုက် ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီ Gulf Petroleum Myanmar ကို မုတ္တမကမ်းလွန်က ‘မင်းရဲသူစီမံကိန်း’ သဘာဝဓာတ်ငွေ့လုပ်ကွက် M-10 လုပ်ကိုင်ဖို့ စွမ်းအင်ဝန်ကြီးဌာနက ခွင့်ပြုလိုက်ပါတယ်။ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ စီမံကိန်းလုပ်ကိုင်ခွင့်ရ Gulf Petroleum Myanmar Co., Ltd. တို့အကြား ကမ်းလွန်လုပ်ကွက် M-10 မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ သုံးစွဲနိုင်ဖို့ အတွက် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေးစာချုပ် (PSC) ကို အခုလ ၂၉ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ Northern Gulf Petroleum အနေနဲ့ ၂၀၂၂ခုနှစ်မှာ ရဲတံခွန်ကမ်းလွန်သဘာဝ ဓါတ်ငွေ့စီမံကိန်းနဲ့ ပိုက်လိုင်းကို မလေးရှားနဲ့ ဂျပန်စီးပွားရေးလုပ်ငန်းများ စုပေါင်းအဖွဲ့ထံကနေ ရယူခဲ့ပြီး မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းနဲ့ မိတ်ဖက်ဆောင်ရွက်ခဲ့တာမျိုး ရှိခဲ့ပါတယ်။

၇။ မိုင်းလားဒေသမှာ လက်နက်ကိုင်နဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကို လက်ခံထားတာမရှိဘူးလို့ NDAA ပြော

မိုင်းလားအဖွဲ့လို့ ခေါ်ဆိုတဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) က သူတို့ဒေသမှာ အခြားလက်နက်ကိုင်နဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကို လက်ခံထားတာမရှိဘူးလို့ စစ်ကောင်စီဥက္ကဌကို အခုလ ၂၅ ရက်က ပြောလိုက်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကို စစ်ကောင်စီဥက္ကဌရောက်နေချိန်မှာ ပြောလိုက်တာပါ။ ဒေသတွင်းနဲ့ နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းရေးလုပ်ငန်းတွေအတွက်လည်း NDAA က ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောတဲ့အကြောင်းလည်း စစ်ကောင်စီသတင်းစာက ဖော်ပြပါတယ်။ မိုင်းလား အဖွဲ့ဟာ စစ်ကောင်စီပြုလုပ်တဲ့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရရေး တောင်းဆိုထားပါတယ်။

၈။ မလေးရှားမှာ တရားမဝင်နေထိုင်သူ မြန်မာ ၁၂၀၀ ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာ တရားမဝင်နေထိုင်သူတွေကို ရှာဖွေတဲ့စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိသူ ၁၄၀၀ ကျော်မှာ မြန်မာနိုင်ငံသား ၁၂၀၀ ကျော်ပါဝင်တယ်လို့ မလေးရှား အမျိုးသားသတင်းအေဂျင်စီက ဖော်ပြပါတယ်။ အခုလ ၂၉ ရက် ညပိုင်းကနေ ၃၀ ရက် မနက်ပိုင်းအထိ ဆာလာယန်းမြောက်ပိုင်းက နေအိမ် ၂၂၅ လုံးနဲ့ စီးပွားရေးလုပ်ငန်းတွေကို အာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့တာပါ။ ဖမ်းမိသူတွေထဲမှာ မြန်မာအများဆုံး ပါဝင်ပြီး ကလေး အယောက် ၁၆၀ အပါအဝင် မြန်မာနိုင်ငံသား ၁၂၂၂ ယောက် ရှိကြောင်း ဘူကစ်အာမန် ပြည်တွင်းလုံခြုံရေးနဲ့ လူထုရေးရာဌာန၊ အထွေထွေစစ်ဆင်ရေးတပ်ဖွဲ့ (GOF) ဒုတိယညွှန်ကြားရေးမှူးက ပြောပါတယ်။ ဖမ်းဆီးရမိသူထဲကတချို့ဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ကတ်တွေ ကိုင်ဆောင်ထားတာကြောင့် အဲဒီကတ်တွေ မှန်၊ မမှန်ကို စစ်ဆေးဖို့လူဝင်မှုကြီးကြပ်ရေးဌာနဆီ လွှဲပြောင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

The Tanintharyi Times