အရှေ့တောဒေသမှာ သုံးလကြာပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေ ထားဝယ်ဘက်ထွက်လာချိန်ကြားဖြတ်တိုက်ခိုက်ခံရ

အရှေ့တောဒေသမှာ သုံးလကြာပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေ ထားဝယ်ဘက်ထွက်လာချိန်ကြားဖြတ်တိုက်ခိုက်ခံရ

ပုံစာ - ပြီးခဲ့တဲ့ဖေဖော်ဝါရီလတတိယပတ်က အခုထွက်လာတဲ့ယာဥ်တန်းက စစ်ကောင်စီကားတွေတိုက်ခိုက်ခံခဲ့ရချိန်။

ထားဝယ်မြို့နယ်၊ အ‌ရှေ့တောဒေသမှာ သုံးလကြာပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ထားဝယ်မြို့ဘက်ကို စစ်ကြောင်းနဲ့ပြန်လည်ထွက်ခွာလာချိန် ကြားဖြတ်တိုက်ခိုက်ခံရတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။

စစ်ကား ၈ စီးနဲ့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်လောက်ဟာ ဒီနေ့မနက် ၁၁ နာရီ‌လောက်က ဝကုန်းရွာတဝိုက်မှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး နှစ်ဖက်မိနစ်အနည်းငယ်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကဆိုပါတယ်။

“သူတို့က အရှေ့ပွိုင့်နောက်ပွိုင့်ခွဲပြီးတက်လာတယ်။ ဝကုန်းရွာထဲက ဘဝပင်လမ်းဆုံနားရောက်တော့ ခြေလျင်တက်လာတဲ့ အရှေ့ပွိုင့်ပစ်ခံရပြီးတိုက်ပွဲဖြစ်တာပါ” လို့ ဒေသခံပြည်သူ့ကာကွယ်ရေး ရဲ‌ဘော်တစ်ဦးကပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုရှိပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တချို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။

အခုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ တတိယပတ်ကတည်းက အရှေ့တောဒေသကို စစ်ကား ၁၇ စီး အင်အား ၂၀၀ ကျော်နဲ့ ဝင်ရောက်လာကြတဲ့ စစ်ကောင်စီတပ်သားတွေ ဖြစ်ပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီလအတွင်းမှာပဲ ဝကုန်းရွာနဲ့ ကျောက်မဲတောင်ကျေးရွာကြားမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကော်သူးလေတပ်မတော် KTLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူး‌ပေါင်းတိုက်ခိုက်ခဲ့လို့ ယာဥ်တန်းကစစ်ကား ၉ စီးခန့် မီးလောင်ပျက်စီးပြီး စစ်ကောင်စီတပ်သားအများအပြားသေဆုံးခဲ့တာပါ။

အဲဒီနောက် ကျန်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျောက်မဲတောင်ရဲစခန်းမှာနေထိုင်ခဲ့ကြသလို မေတ္တာမြို့ဘက်ကို စစ်ကြောင်းထိုးထားသွားလာတာတွေလည်း လုပ်‌ဆာင်ခဲ့ပါတယ်။ တော်လှန်ရေးတပ်တွေဘက်ကလည်း ကျောက်မဲတောင်ရဲစခန်းကို ပိတ်ဆို့တာနဲ့ ဆက်စပ်လမ်းပိုင်းကို နယ်မြေစိုးမိုးထားတာတွေလုပ်ဆောင်ခဲ့ပါတယ်။

ပိတ်မိနေတာ သုံးလနီးပါးကြာမြင့်နေပြီဖြစ်တဲ့ စစ်ကောင်စီတပ်သားတွေဟာအခုရက်ပိုင်းမှာ‌တော့ ကျန်ရှိနေတဲ့ ကား ၈ စီးနဲ့အတူ ကျောက်မဲတောင်ရဲစခန်းကတဆင့် ထားဝယ်မြို့ဘက်ကို ပြန်လည်ဦးတည်ပြီး ထွက်ခွာလာတာလို့ ဒေသခံနဲ့ ပြည်သူ့ကာကွယ်‌ရေးရဲဘော်တွေက ဆိုပါတယ်။

ဒီနေ့မနက် တိုက်ပွဲမဖြစ်ပွားခင်ကတော့ ဝကုန်းရွာသားနဲ့ လိပ်ကြယ်ပြောင်ရွာသား ၆ ဦးထက်မနည်းကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့ပေမဲ့ နာရီပိုင်းအကြာမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်မှာတော့ ပကာရီရဲစခန်းဘက်ကနေ ဝက်သေရွာဘက်ကိုလက်နက်ကြီး သုံးချက်ပစ်ခတ်ခဲ့တယ်လို့ ‌‌ဒေသခံတွေကဆိုပါတယ်။ အဲဒီလက်နက်ကြီးကြောင့် အရပ်သားနဲ့နေအိမ်ထိခိုက်တာမျိုးတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းထွက်လာတာကြောင့် လမ်းတလျှောက်မှာရှိတဲ့ ဝကုန်း၊ သင်္ကန်းတုံး၊ လိပ်ကြယ်ပြောင်၊ သရက်ငုတ်၊ ရမ္မဇူနဲ့ ပခပ် စတဲ့ကျေးရွာတွေက ဒေသခံတွေ နီးစပ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။

The Tanintharyi Times