KNU တပ်မဟာ ၄ နယ်မြေမှာ KNLA နဲ့ KTLA တို့ အခြေအနေတင်းမာနေ

KNU တပ်မဟာ ၄ နယ်မြေမှာ KNLA နဲ့ KTLA တို့ အခြေအနေတင်းမာနေ

ကရင်အမျိုးသားအစည်းအရုံးရဲ့ တပ်မဟာ ၄ နယ်မြေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့ ကော်သူးလေတပ်မတော်(KTLA) တို့အကြား အခြေအနေတင်းမာနေပါတယ်။

တပ်မဟာ ၄ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က စောအယ်ခွီးဆီမှာရှိနေတဲ့ PDF ရဲဘော်တွေအနေနဲ့ စွန့်ခွာကြဖို့ ဒီနေ့ရက်စွဲနဲ့ စာထုတ်ပြန်အသိပေးလိုက်ပါတယ်။

KNLA ရဲ့ အသိပေးစာမှာဖော်ပြတဲ့ စောအယ်ခွီးဟာ ကော်လာဖိုးလို့လူသိများတဲ့ ကော်သူးလေတပ်မတော်က ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

စောအယ်ခွီးနဲ့ KNLA တပ်မဟာ ၄ တို့အကြား ဖြစ်ပွားနေတဲ့တင်းမာမှုအကြောင်းအရင်းဟာ စောအယ်ခွီးတို့အုပ်စုအနေနဲ့ KNU ရဲ့ အုပ်ချုပ်ရေးကိစ္စတွေကို ဝင်ရောက်နှောက်ယှက်တာနဲ့ KNU အဖွဲ့အစည်းအပေါ် အနှောင့်အယှက်ပြုခြင်းတို့ကြောင့်ဖြစ်တယ်လို့ အသိပေးစာမှာရေးသားထားပါတယ်။

PDF တွေအနေနဲ့ စောအယ်ခွီးတို့ဆီကနေ ထွက်ခွာပြီး စစ်အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲဝင်နေတဲ့အခြားသောအဖွဲ့အစည်းတွေနဲ့အတူ လက်တွဲတိုက်ပွဲဝင်ဖို့မေတ္တာရပ်ခံထားပါတယ်။

ကော်သူးလေတပ်မတော်ရဲ့ တနင်္သာရီတိုင်း ဆာကဆော တိုင်းစစ်ဌာချုပ်ကလည်း ဒီနေ့မှာပဲ အမိန့်စာတစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

တနင်္သာရီတိုင်းထဲက PDF တွေ၊ ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ အတူ ပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေရဲ့ လက်အောက်မှာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့နဲ့ ထွက်ခွာကြဖို့ ရေးသားထားပါတယ်။

အဲဒီစာမှာပါတဲ့ “အာဏာသိမ်းစစ်ကောင်စီနဲ့ အတူ ပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေ” စကားရပ်ကတော့ ဘယ်အဖွဲ့ကိုရည်ရွယ်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းဖော်ပြမထားပါဘူး။

KNLA/KNDO တို့ရဲ့ကွပ်ကဲမှုအောက်မှာရှိတဲ့PDF တွေ၊ KTLA ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ PDF တွေအနေနဲ့ အငြင်းပွားမှုတွေရှိလာခဲ့ရင် သဘောထားကြီးကြီးနဲ့ညှိနှိုင်းဖြေရှင်းကြဖို့ တနင်္သာရီအခြေစိုက်အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကျေးလက်အခြေပြုအဖွဲ့အစည်းတွေက ပြီးခဲ့တဲ့နှစ်က တိုက်တွန်းခဲ့ဖူးပါတယ်။

KNU တပ်မဟာ ၄ ဘိတ်-ထားဝယ်ခရိုင်ရဲ့ ဥက္ကဌ ပဒိုဖလော်စိုးဝင်းကလည်း KNU တပ်မဟာ ၄ နဲ့ KNDO အထူးတပ်ရင်း(လက်ရှိ KTLA အမည်ပြောင်းထားတဲ့အဖွဲ့) အကြားမှာ ထိတွေ့ပစ်ခတ်မှုတွေရှိခဲ့လို့ ကြားဝင်ဖြေရှင်းမယ့်သူလိုအပ်နေတယ်လို့ ၂၀၂၂ ခုနှစ် နှစ်လယ်က KIC သတင်းဌာနကို ပြောဆိုခဲ့ဖူးပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တို့ဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ လက်အောက်ခံတပ်တွေဖြစ်ပါတယ်။

ကော်သူးလေတပ်မတော်ကတော့ KNDO ရဲ့ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းခဲ့တဲ့တပ်ဖြစ်ပါတယ်။

The Tanintharyi Times