မိုးဆက်တိုက်ရွာနေလို့ ထားဝယ်ဒေသမှာ ကွမ်းသီးခြောက် ရောင်းပန်းမလှဖြစ်ပြီး စျေးလျှော့နေ
မိုးဆက်တိုက်ရွာနေလို့ ထားဝယ်ဒေသမှာ ကွမ်းသီးခြောက် ရောင်းပန်းမလှဖြစ်ပြီး စျေးလျှော့နေ

ထားဝယ်ဒေသမှာ လွန်ခဲ့တဲ့နှစ်ပတ်ကစပြီး အချိန်အခါမဟုတ် မိုးဆက်တိုက်ရွာနေတာကြောင့် ကွမ်းသီခြောက် ရောင်းပန်းမလှဖြစ်ပြီး စျေးလျှော့နေတယ်လို့ ကွမ်းသီး ရောင်းဝယ်သူတွေထံက သိရပါတယ်။
မိုးကြောင့် ကွမ်းသီး အရောင်မလှတာတွေ ဖြစ်ပြီး ကွမ်းသီးခွဲခြောက် ၁ပိဿာကို ၄၀၀၀ ကျပ်ဝန်းကျင်သာ အများဆုံးစျေးရတယ်လို့ ကွမ်းသီးလုပ်ကိုင်သူတွေက ဆိုပါတယ်။
” မိုးရှိရင်တော့ ထုတ်လှန်းလို့မရတော့ဘူးပေါ့။ မိုးစိုထားတဲ့ဟာတွေဆိုလည်း ကွမ်သီးမျက်နှာမည်းတာ မှိုစွဲတာတွေဖြစ်တယ်။ အဲလိုတွေဆိုရင် စျေးက အရမ်းလျှော့သွားတယ်” လို့သရက်ချောင်းမြို့နယ်ရှိ ကွမ်းသီးခြောက်လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
ကွမ်းသီးခွဲခြောက်စျေးကတော့ မနှစ်ကအခုလိုအချိန်မှာ ၅၀၀၀နဲ့ ၆၀၀၀ ကျပ်ကြားရှိခဲ့ပေမယ့် လက်ရှိမှာ ၄၅၀၀ ကျပ်ဝန်းကျင်သာစျေးရှိတယ်လို့ ထားဝယ်မြို့ကကွမ်းသီးခြောက် အဝယ်ဒိုင်တစ်ဦးက ပြောပါတယ်။
ကွမ်းသီးအမှည့်ကတော့ လက်ရှိမှာ တစ်လုံး ၂၀ ကျပ်ဝန်းကျင် စျေးပေါက်နေတယ်လို့လည်း သိရပါတယ်။ ကွမ်းသီးအမှည့်ဟာ ကွမ်းသီးခွဲတာနဲ့ အခြောက်ခံတာတွေမပြုလုပ်ရပဲ ခူးပြီးတခါတည်းရောင်းချကြတာဖြစ်လို့ စျေးကတော့ ကွမ်းသီးခွဲခြောက်ရဲ့တဝက်လောက်ပဲရှိတယ်လို့ ဆိုပါတယ်။
ထားဝယ်ဒေသဘက်မှာတော့ အခုကာလက ကွမ်းသီးအမှည့်၊ ကွမ်းသီးအခြမ်းခြောက်နဲ့ ကွမ်းသီး အလုံးခြောက်တွေ အဓိက အရောင်းအဝယ် ဖြစ်နေတဲ့ အချိန်ပါ။
တနင်္သာရီတိုင်းမှာ အခုနောက်ပိုင်း ပြည်ပအဝယ်လိုက်လာတဲ့ ကွမ်းသီးအနုကတော့ စျေးကောင်းရပေမယ့် သူ့ရဲ့ရာသီဖြစ်တဲ့ မိုးရာသီအတွင်းမှာပဲ ရောင်းချလို့ရတယ်လို့ သိရပါတယ်။
The Tanintharyi Times