တနင်္သာရီမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နဂါးနက်တပ်ဖွဲ့တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်၊ မိုင်းကွဲလို့ ၉ တန်းကျောင်းသူတစ်ဦး လည်ပင်းထိမှန် ဒဏ်ရာရ
တနင်္သာရီမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နဂါးနက်တပ်ဖွဲ့တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်၊ မိုင်းကွဲလို့ ၉ တန်းကျောင်းသူတစ်ဦး လည်ပင်းထိမှန် ဒဏ်ရာရ

တနင်္သာရီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ နဂါးနက်အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့သလို အရပ်သားတစ်ဦးလည်း မိုင်းထိဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
မနေ့က ည ၇ နာရီလောက်မှာ တကူကျေးရွာအုပ်စုမှာရှိတဲ့ ကျေးရွာတစ်ခုမှာ နဂါးနက်အဖွဲ့နဲ့ ကင်းလှည့်သွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွါးခဲ့တာပါ။
“အကြိမ်ကြိမ်သတိပေးထားရက်နဲ့ သူတို့ကမူးလာရင် ရွာထဲမှာ သေနတ်ဖောက်ပြီ။ အော်တာ၊ ဆဲတာလုပ်ပြီ၊ သောင်းကြမ်းပြီ။ အခုကလည်း သူ့တို့အရင်ချောင်းပစ်တာ” လို့ ပစ်ခတ်မှုဖြစ်စဥ်မှာ ပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေထဲက ရဲဘော်တစ်ဦးက ပြောပါတယ်။
ပစ်ခတ်နေချိန်မှာ ဖြစ်ပွါးခဲ့တဲ့ မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော်တစ်ဦးနဲ့ ပစ်ခတ်မှု ဖြစ်စဉ် အနီးအနားက ကိုးတန်းကျောင်းသူ ရွာခံမိန်းကလေးတစ်ဦးတို့ မိုင်းစထိမှန်ခဲ့တယ်လို့ သိရပါတယ်။
မိန်းကလေးငယ်ဟာ လည်ပင်းမှာမိုင်းစထိမှန် ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။
ဖြစ်စဥ်မှာပါဝင်တဲ့ရဲဘော်ကတော့ “ကျနော်တို့သတ်မှတ်တာကတော့ နဂါးနက်က တော်လှန်ရေးအဖွဲ့မဟုတ်ဘူး။ သူတို့က မူးယစ်ဆေးဝါးဂိုဏ်လို့ပဲသတ်မှတ်တယ်” လို့ပြောပါတယ်။
ဒေသအခြေစိုက် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ နဂါးနက်အဖွဲ့ဟာ အင်အားဆယ်ဦးဝန်းကျင်လောက်ရှိတဲ့အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့နဲ့ပတ်သက်ပြီး ရွာသားတွေရဲ့တိုင်ကြားချက်တွေလည်း အများကြီးရထားတယ်လို့ အဆိုပါရဲဘော်ကဆက်ပြောပါတယ်။
ဒေသခံတစ်ဦးကလည်း နဂါးနက်အဖွဲ့ကြောင့် တိမ်းရှောင်နေသူ အများအပြားရှိတယ်လို့ဆိုပါတယ်။
ဒေသခံအမျိုးသားတစ်ဦးကလည်း မိုင်းခွဲပြီး မိုက်ကြေးခွဲကြတယ်။ ဆဲဆိုတယ် သေနတ်တွေပစ်ဖောက်တယ်။ သုံးလေးရွာလောက်က ဒေသခံတွေကြောက်ပြီးပြေးနေကြရတယ်။ လို့ နဂါးနက်အဖွဲ့နဲ့ပတ်သက်ပြီး ပြောပါတယ်။
အဲဒီပြောကြားချက်တွေနဲ့ပတ်သက်ပြီး နဂါးနက်အဖွဲ့ကို အတည်ပြုမေးမြန်းဖို့ တနင်္သာရီတိုင်းမ်က ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။
တနင်္သာရီမြို့နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကို နဂါးနက်အဖွဲ့နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ကျနော်တို့ စီစဥ်လုပ်ကိုင်နေပါပြီ။ လို့ ပြန်လည်ဖြေကြားပါတယ်။ စီစဉ်ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ တာဝန်ခံက ပြောကြားတာ မရှိပါဘူး။
နဂါးနက်အဖွဲ့ဟာ ပစ်ခတ်မှုမဖြစ်ခင်ညက အင်းရှည်ကုန်းရွာက အမျိုးသမီးတစ်ယောက်ကိုဆံပင်ဆောင့်ဆွဲပြီး အကြမ်းဖက်တဲ့ ဖြစ်စဥ်တွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အခုနှစ်မေလကလည်း အရပ်သားအချင်းချင်းစကားများရန်ဖြစ်ကာလူသတ်မှုကျူးလွန်ခဲ့သူ တရားခံကို နဂါးနက်အဖွဲ့ကဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံနဲ့တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။
စစ်အုပ်ချုပ်ရေးသတ်မှတ်ခံထားရတဲ့ တနင်္သာရီမြို့နယ်မှာ လတိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပွားနေပြီ မြိတ်နဲ့ပုလောက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်အဖြစ်ပူးပေါင်းကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ နဂါးနက်အဖွဲ့ဟာ သူတို့ရဲ့ နဂါးနက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်နဲ့ဖွင့်လှစ်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြီးခဲ့တဲ့နှစ် မေလကတိုက်ပွဲဖြစ်စဥ်တစ်ခုနဲ့ နိုဝင်ဘာလက ပျူစောထီးအဖွဲ့ကိုဝင်ရောက်ပစ်ခတ်တဲ့ဖြစ်စဥ်တခုကို ထုတ်ပြန်ကြေညာထားတာတွေ့ရပါတယ်။
The Tanintharyi Times