တရုတ် သမ္မတရှီကျင့်ဖျင် နဲ့ စစ်အုပ်စုခေါင်းဆောင်တွေ့ဆုံ ၊ တရုတ်အစိုးရပိုင်မီဒီယာတွေ က စစ်ခေါင်းဆောင် ကို ယာယီသမ္မတလို့သုံးနှုန်း

တရုတ် သမ္မတရှီကျင့်ဖျင် နဲ့ စစ်အုပ်စုခေါင်းဆောင်တွေ့ဆုံ ၊ တရုတ်အစိုးရပိုင်မီဒီယာတွေ က စစ်ခေါင်းဆောင် ကို ယာယီသမ္မတလို့သုံးနှုန်း

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင် တို့ဟာ ဩဂုတ်လ ၃၀ ရက်နေ့ မှာတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဟာ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO SUMMIT 2025) ကိုတက်ရောက်ဖို့ တရုတ်နိုင်ငံ တီရန်ကျင်းမြို့ကို ရောက်ရှိနေချိန် တရုတ်သမ္မတ နဲ့ သီခြားတွေ့ဆုံခဲ့ပါတယ်။

တရုတ်အစိုးရပိုင် မီဒီယာတွေက ရှီကျင်ဖျင် နဲ့ မင်းအောင်လှိုင်ကိုတွေ့ဆုံမှု သတင်းတွေကို ဖော်ပြရာမှာ ယာယီသမ္မတ လို့ပြောင်းလဲသုံးနှုန်းလာတာကိုတွေ့ရပါတယ်။

တရုတ်အစိုးရ အာဘော်သတင်းဌာနတွေဖြစ်တဲ့ ဆင်ဟွာ၊ China Daily၊ Global Times၊ CCTV စတဲ့ အင်္ဂလိပ် ဘာသာစကားနဲ့ ဖြန့်ချိတဲ့ သတင်းဌာနတွေအားလုံး ယာယီသမ္မတ လို့သုံးနှုန်းထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ကလည်း ရှီကျင်ဖျင်နဲ့ မင်းအောင်လှိုင်တို့ ဟာ ရုရှား နိုင်ငံမှာ တွေ့ဆုံခဲ့ဖူးပြီး အဲ့ဒီအချိန်က ထုတ်ပြန်တဲ့ သတင်းတွေမှာတော့ တရုတ်အစိုးရပိုင်မီဒီယာတွေက မြန်မာစစ်တပ်ခေါင်းဆောင် (ဝါ) မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်လို့သာ သုံးနှုန်းခဲ့တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရုရှားသွားတဲ့ ခရီးစဉ်တွေမှာလည်း မြန်မာစစ်တပ်ခေါင်းဆောင်လို့ သာ သုံးနှုန်းခဲ့တာဖြစ်ပါတယ်။ ဒီတချိန် တရုတ်ခရီးစဉ်မှာတော့ မင်းအောင်လှိုင် ကို ယာယီသမ္မတလို့ အသိအမှတ်ပြု သုံးနှုန်းခဲ့တာတွေ့ရပါတယ်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ စစ်ခေါင်းဆောင် ဟာ လာမယ့် ဒီဇင်ဘာ မှာကျင်းပမဲ့ ရွေးကောက်ပွဲ အပြီး သမ္မတ အဖြစ်ဆောင်ရွက်ဖို့ရှိတယ်လို့ သုံးသပ်နေကြပါတယ်။

စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံမှာကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO SUMMIT 2025) နဲ့ ဂျပန်ကိုစစ်အောင်နိုင်မှုနှစ်(၈၀)ပြည့်အခမ်းအနားတက်ရောက်ဖို့ တရုတ်ကို ရောက်နေတာဖြစ်ပါတယ်။

ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်းဆောင်နဲ့ ဆက်ဆံရေး ကောင်းတွေရှိတဲ့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ၊ ရုရှားသမ္မတ ပူတင်၊ ဘီလာရုစ် သမ္မတ လူကာရှန်ကိုတို့လည်း တက်ရောက်ဖို့ရှိနေတာပါ။

ကိုးကား – ဆင်ဟွာ

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times