ထိုင်ဝမ်ကို ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး လက်နက်ရောင်းဖို့ ဘိုင်ဒန်စီစဉ်

ထိုင်ဝမ်ကို ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး လက်နက်ရောင်းဖို့ ဘိုင်ဒန်စီစဉ်

ပုံ - ယမန်နှစ်က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်ခဲ့တဲ့ အမေရိကန် စစ်ရေယာဉ်တစ်စင်း

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ တရုတ်နဲ့ စစ်ရေးတင်းမာနေတဲ့ ထိုင်ဝမ်ထံကို ဒုံးလက်နက်တွေ အပါအဝင် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချရေး ကွန်ဂရက်ထံက ခွင့်ပြုချက် တောင်းခံဖို့ စီစဉ်နေပါတယ်။

ထိုင်ဝမ်ထံ ရောင်းချမယ့် လက်နက်တွေထဲမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၅၅ သန်း တန်ကြေးရှိတဲ့ သင်္ဘောဖျက်ဒုံး ၆၀ နဲ့ ဒေါ်လာ ၈၅ သန်းကျော် တန်ကြေးရှိ ဝေဟင်မှ ဝေဟင်ပစ် ဒုံး ၁၀၀ ပါဝင်တယ်လို့ ဆိုပါတယ်။

ထောက်လှမ်းရေး ရေဒါစနစ် စာချုပ်သက်တမ်း တိုးဖို့အတွက်က ဒေါ်လာ ၆၅၅ သန်းကျော် ဖြစ်ပါတယ်။

ဝေဟင်ပစ် ဒုံးတွေကိုတော့ ထိုင်ဝမ်လေတပ်ပိုင် အမေရိကန်ထုတ် F-16 တိုက်လေယာဉ်တွေမှာ တပ်ဆင်မယ်လို့ သိရပါတယ်။

သမ္မတဘိုင်ဒန်အစိုးရနဲ့ အမေရိကန် အမတ်တွေဟာ ထိုင်ဝမ်ကို ဆက်လက်ထောက်ခံပံ့ပိုးသွားဖို့ အလေးထားနေပြီး လာမယ့် သီတင်းပတ်တွေမှာ ထိုင်ဝမ်ရဲ့ ရှိရင်းစွဲ စစ်ရေးစနစ်တွေကို အားဖြည့်ပေးမယ့် အစီအစဉ်တွေ ကြေညာဖို့ရှိပါတယ်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်ကို သွားရောက်လည်ပတ်ပြီးနောက် ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ အကြီးမားဆုံးသော စစ်ရေးလေ့ကျင့်မှုတွေကို တရုတ်က လုပ်ခဲ့ပါတယ်။

ထိုင်ဝမ်ကို သူတို့ရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်ရေး အင်အားသုံးတဲ့ နည်းလမ်းကို တရုတ်က ငြင်းပယ်မထားပါဘူး။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမေရိကန် စစ်သင်္ဘောနှစ်စင်းဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း မောင်းနှင်ခဲ့သေးပြီး ဒါဟာ လွပ်လပ်စွာ ရေကြောင်းသွားလာခွင့် အရ ခုတ်မောင်း သွားလာတာလို့ အမေရိကန်က ဆိုထားပါတယ်။

ကိုးကား – အယ်လ်ဂျာဇီးယား

The Tanintharyi Times