ပျူစောထီးအဖွဲ့ ဖွဲ့နိုင်ရင် စစ်မှုထမ်းဖို့မလိုဘူးလို့ မြိတ်မြို့ ၊မဇောကျေးရွာ အုပ်ချုပ်ရေးမှူးပြောဆို
ပျူစောထီးအဖွဲ့ ဖွဲ့နိုင်ရင် စစ်မှုထမ်းဖို့မလိုဘူးလို့ မြိတ်မြို့ ၊မဇောကျေးရွာ အုပ်ချုပ်ရေးမှူးပြောဆို

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စုမှာ ပျူစောထီးအဖွဲ့ ဖွဲ့စည်းနိုင်ရင် စစ်မှုထမ်းဖို့လူစာရင်း ပေးစရာမလိုတော့ သလို လူစားထိုးဖို့ ပိုက်ဆံပေးစရာလည်း မလိုတော့ဘူးလို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ဒေသခံတွေကို အစည်းအဝေးခေါ် ယူပြောဆိုခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေဆီကစုံစမ်းသိရှိရပါတယ်။
မဇောကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၁၆ ရွာရှိပြီး လက်ရှိမှာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအဖြစ်နဲ့ ကြေးနန်းတိုင်ရွာက ဦးစံအေးကတာဝန်ယူထားတာဖြစ်တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
မနေ့က မေလ ၂၉ ရက်မှာ မဇောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ကြေးနန်းတိုင်ရွာမှာရှိတဲ့ သူ့နေအိမ်မှာ ကြေးနန်းတိုင်ရွာခံတွေကို ဦးစွာခေါ်ယူခဲဲ့ပြီး ပျူစောထီးအဖွဲ့ဖွဲ့ဖို့ ဆုံးဖြတ်ထားကြောင်း၊ ဖွဲ့နိုင်ရင် စစ်မှုထမ်းဖို့ မလိုတော့ကြောင်း စတဲ့ကိစ္စတွေကို အသိပေးပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကနဦးအနေနဲ့ မဇောကျေးရွာအုပ်စုထဲက ရွာတွေဖြစ်တဲ့ ကြေးနန်းတိုင်ရွာ၊ မြင်သာရွာ၊ မဇောပြင်ကြီးရွာနဲ့ ကင်းတပ်ရွာတွေကို ပေါင်းပြီး ပျူစောထီးအဖွဲ့ စတင်ဖွဲ့စည်းမှာဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက အစည်းအဝေးမှာ ပြောခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီရွာလေးရွာက ဒေသခံတွေအနေနဲ့ နောက်လာမဲ့ စစ်မှုထမ်းအသုတ်တွေအတွက် လူစာရင်းပေးရတာ၊ လူစားထိုးဖို့ ငွေထည့်ရတာတွေ လုပ်စရာမလိုတော့ဘူးလို့လည်း အုပ်ချုပ်ရေးမှူးဦးစံအေးက မနေ့ကအစည်းအဝေးမှာ ပြောခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
“ အစည်းအဝေးခေါ်တာက ကျမတို့သဘောထားကို မေးဖို့မဟုတ်ဘူးရှင့်။ သူဆုံးဖြတ်ထားပြီးသား ကိစ္စကို ခေါ်ပြီး အသိပေးတဲ့သဘောပါ။ ရွာမှာပျူစောထီးအဖွဲ့ရှိလာရင် တိုက်ပွဲတွေဖြစ်လာနိုင်ချေက ပိုများတော့ ဘယ်ချိန်လောက် အိုးပစ်အိမ်ပစ်ပြေးရတော့မလဲဆိုတာပဲ စိုးရိမ်နေကြရတယ်ရှင်” လို့ ကြေးနန်းတိုင်ရွာခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် မဇောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကနေ ပျူစောထီးအဖွဲ့ဖွဲ့နိုင်ရင် စစ်မူထမ်းလူစားထိုးဖို့အတွက် ပိုက်ဆံထည့်စရာမလိုတော့ဘူးလို့ပြောပေမဲ့ ပျူစောထီးအဖွဲ့ အတွက် လစာကိုတော့ ရွာခံတွေကပဲ ထောက်ပံ့ပေးရမှာဖြစ်တယ်လို့ ပြောခဲ့ကြောင်းလည်း ရွာခံအမျိုးသမီးက ဆက်ပြောပါတယ်။
မဇောကျေးရွာအုပ်စုနဲ့ တဆက်တည်းဖြစ်တဲ့ မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စုက ရွာတွေမှာတော့ ပြည်သူ့စစ်မှုထမ်း တတိယအသုတ်အတွက် လူစားထိုးဖို့လို့ဆိုပြီး မနေ့ကစလို့ ရာအိမ်မှူးတွေကနေ တအိမ်တက်ဆင်း ပိုက်ဆံကောက်ယူနေတယ်လို့ ပသောင်းရွာခံတွေဆီကနေသိရပါတယ်။
“ မနေ့ကစပြီးကောက်တာဗျ။ အကုန်လုံးတော့ ကောက်လို့မပြီးသေးဘူး” လို့ ပသောင်းကျေးရွာအုပ်စုနေ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပသောင်းကျေးရွာအုပ်စုမှာ ပသောင်းရွာ၊ ရှမ်းတောင်ရွာ၊ တောင်ပုလဲရွာနဲ့ တက်လက်ငယ်ရွာတို့ပါဝင်ပြီး စုစုပေါင်းအိမ်ခြေ ၁၅၀၀ ဝန်းကျင်ရှိတယ်လို့ ပသောင်းရွာဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲ့ဒီလေးရွာစလုံးကနေအိမ်တွေမှာ တစ်အိမ်ကို ကျပ်နှစ်သောင်းခွဲနှုန်းနဲ့ ကောက်ယူနေတာဖြစ်ပြီး လစဥ်ကောက်ခံသွားမှာဖြစ်တယ်လို့ ရာအိမ်မှူးတွေကဆိုကြောင်းလည်း ပသောင်းရွာခံတွေက ပြောပြပါတယ်။
အလားတူ မြိတ်မြို့နယ်၊ တညက်ကျေးရွာမှာလည်း စစ်မှုထမ်းလူစားထိုးဖို့အတွက် တစ်အိမ်ကို ကျပ်သုံးသောင်းနှုန်းနဲ့ ကောက်ယူခဲ့ဖူးကြောင်းကို အခုလအစပိုင်းက တနင်္သာရီတိုင်းမ်ကနေ သတင်းဖော်ပြခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ပသောင်းကျေးရွာအုပ်စုအနီးက သက္ကယ်ကျင်းရွာမှာ အခုလိုမျိုး စစ်မှုထမ်းလူစားထိုးဖို့အတွက် ပိုက်ဆံကောက်ခံတာကြောင့် ရာအိမ်မှူးတစ်ဦးနဲ့ ဆယ်အိမ်မှူးနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဥ်လည်းရှိခဲ့ဖူးတယ်လို့ ပသောင်းရွာခံတွေကဆိုပါတယ်။
The Tanintharyi Times