ထားဝယ်မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ ဧည့်စာရင်းအကြောင်းပြ ရှောင်တခင်ဝင်ရောက်စစ်ဆေး​၊ ဖမ်းဆီးတာတွေလုပ်ဆောင်နေ

ထားဝယ်မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ ဧည့်စာရင်းအကြောင်းပြ ရှောင်တခင်ဝင်ရောက်စစ်ဆေး​၊ ဖမ်းဆီးတာတွေလုပ်ဆောင်နေ

ဓာတ်ပုံ - ထားဝယ်မြို့တွင်း ကင်းလှည့်နေတဲ့စစ်ကောင်စီယာဥ်တန်း(ပုံဟောင်း)

ထားဝယ်မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ ညဘက် ဧည့်စာရင်းအကြောင်းပြပြီး ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေနဲ့ ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ အစက ညဘက်စစ်ဆေးမှုတွေမရှိတော့တာကြာပြီဖြစ်ပေမယ့် အခုထားဝယ်ခရိုင်အတွင်းမှာ တိုက်ပွဲတွေအရှိန်အဟုန်မြင့်လာချိန်မှာ ပြန်လည်ပြီးစစ်ဆေးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။

“သူတို့ကဧည့်စာရင်းလို့ပြောပြီးဝင်စစ်တာပဲ ။ တံခါးမဖွင့်ပေးရင် ကန်ဖွင့်တယ်။အိမ်ပေါ်တွေထိတက်ပြီး လူစာရင်းတွေစစ်တယ် ။ အရပ်ဝတ်တွေတော့ ယူနီဖောင်းတွေနဲ့ရောအစုံပဲ” လို့ မြို့ခံတစ်ဦးကဆိုပါတယ်။ ရပ်ကွက်တိုင်းမှာစစ်ဆေးနေတာမျိုးမဟုတ်ပဲ သူတို့စစ်ချင်တဲ့ ရပ်ကွက်တွေ လမ်းတွေကိုပဲစစ်ဆေးတာမျိုးဖြစ်ပြီး တချို့နေရာတွေမှာကင်းပုန်းဝပ်နေတာမျိုးရှိတယ်လို့သိရပါတယ်။

“မြို့ပေါ်မှာက ၈နာရီလောက်ဆိုရင် လမ်းမှာလူမရှိတော့ဘူး။ ဒီကောင်တွေက ၉နာရီခွဲလောက်ဆိုတာနဲ့ကားတွေနဲ့လျှောက်သွားပြီး တွေ့တဲ့သူ စစ်ဆေး၊ရိုက်နှက်လုပ်တာကိုး။ အစစ်မခံတဲ့သူတွေဆိုရင် သေနတ်နဲ့ပစ်တာ” လို့သူကဆက်ပြောပါတယ်။
အခုလို ညဘက်ဝင်ရောက်စစ်ဆေးတာတွေမှာ အဖမ်းဆီးခံထားရသူတွေလည်းရှိနေပြီး လူဦးရေအတိအကျကိုတော့အတည်မပြုနိုင်သေးပါဘူး။