တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်ပြည်သူ လေးသောင်းအထိရှိလာ
တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်ပြည်သူ လေးသောင်းအထိရှိလာ
တနင်္သာရီတိုင်းမှာ မတ်လအတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ လေးသောင်းအထိရှိလာတယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထုတ်ပြန်အသိပေးထားတဲ့ အချက်လက်တွေအရ ထားဝယ်မြို့နယ်က ပြည်သူ ၃၅၈ ဦး၊ လောင်းလုံးမြို့နယ်က ပြည်သူ ၁၀,၀၀၀ ဝန်းကျင်၊ ပုလောမြို့နယ်ထဲက အမြဲတမ်းစစ်ရှောင် ၂,၆၀၀နဲ့ ယာယီစစ်ရှောင် ၂၅,၀၀၀၊ တနင်္သာရီမြို့နယ်က ပြည်သူ ၈၀၀ တို့ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့သိရပါတယ်။
သရက်ချောင်းမြို့နယ်နဲ့ ရေဖြူမြို့နယ်တွေမှာ တိုက်ပွဲတွေအခြေအနေငြိမ်သက်နေလို့ စစ်ရှောင်ပြည်သူတော့ လတ်တလောမရှိဘူးလို့ ဆိုထားပါတယ်။
လောင်းလုံးမြို့နယ်ထဲက အောက်ကျောက်ဝပ်၊ သဘော့ဆိပ်၊ ကရင်ကြီး၊ ပညစ်၊ ညောင်ပြင်၊ ကျောက်ဆင် စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာချိန် လမ်းတစ်လျှောက် လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာ၊ အိမ်တွေကို မီးရှို့ဖျက်ဆီးတာ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပြည်သူတွေ စစ်ဘေးရှောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ပုလောမြို့နယ်ထဲက ပဝတ်ကုန်း၊ မင်းထိန်၊ မင်းဝင်း၊ ပုလောကုန်း၊ ကဒဲ၊ ပဝတ်ကုန်း၊ လက္ကူး၊ တို၊ တကူ၊ ပိဒက်၊ ရှပ်ပုံ စတဲ့ ကျေးရွာတွေက ဒေသခံတွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသလို့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ မကြာခဏရမ်းသန်းပစ်ခတ်နေတဲ့အတွက် စစ်ဘေးရှောင်ပြေးရတာဖြစ်တယ်လို့ ရေးသားထားပါတယ်။
တိုရွာက စစ်ဘေးရှောင်ပြည်သူတစ်ဦးကတော့ “လက်ရှိနေနေတဲ့ နေရာက မိုးတွေကြီးရင် လေပြင်းပေါက်ရင်(တိုက်ရင်) နေလို့မရဘူး။ အရင်ကဆို ဆန်ဆိုလည်းတခါမှမဝယ်စားရဘူး။ အိမ်မှာ စပါးတွေရှိတယ်။ အခုကအိမ်ရော စပါးရော ပြာကျ။ ဆန် ၁၀ ပြည်ကို သုံးသောင်းနဲ့ ဝယ်စားနေရတာ။ လာမဲ့ မိုးရာသီမှာလည်း စပါးတွေစိုက်လို့ရမဲ့ ပုံမပေါ်ဘူး။ ဆန်စက်တွေ လယ်ထွန်စက်တွေလည်းအကုန်ပါ။ အကုန်ပူပန်နေရတယ် ” လို့ပြောပါတယ်။
တနင်္သာရီမြို့နယ်မှာတော့ ဘန်းလမွတ်ကျေးရွာအုပ်စုက ဒေသခံတွေ အဓိကစစ်ဘေးရှောင်နေရတာဖြစ်ပြီး စစ်ကောင်စီတပ်တွေ မကြာခဏစစ်ကြောင်းထိုးလေ့ရှိသလို ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတဲ့အတွက် စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်ပြည်သူဦးရေ သုံးသောင်းနီးပါးရှိခဲ့ပါတယ်။
The Tanintharyi Times
