တိုက်ပွဲကြောင့် ပုလောမှာ ခရီးသွားယာဉ်တွေ ကိုးနာရီကြာပိတ်မိ

တိုက်ပွဲကြောင့် ပုလောမှာ ခရီးသွားယာဉ်တွေ ကိုးနာရီကြာပိတ်မိ

ပုံစာ -၂၀၂၃ ခုနှစ်၊ ဇွန်လက ပလမြို့မှာရက်ရှည်ပိတ်မိခဲ့တဲ့ ခရီးသွားယာဉ်တွေ။(ပုံဟောင်း)

ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာစစ်ဆေးရေးဂိတ်တိုက်ပွဲကြောင့် ခရီးသွားယာဉ်တွေဟာ ကိုးနာရီကျော်လောက် ပိတ်မိခဲ့ပြီးမှ ပြန်လည်သွားလာခွင့်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်ချောင်းရွာမှာ စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေရှိနေတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဒီကနေ့ မနက် ၅ နာရီဝန်းကျင်ကစ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေပါလုပ်ဆောင်ခဲ့တာပါ။

တိုက်ပွဲဖြစ်ပြီးသိပ်မကြာခင် ဒီကနေ့မနက် ၇ နာရီခွဲဝန်းကျင်လောက်မှာ ကားလမ်းမကြီးပေါ်မှာရှိတဲ့ မကျည်းကုန်းရွာ၊ ပလမြို့ရဲစခန်းအရှေ့နဲ့ ဘုတ်ခြံရွာအခြေစိုက် ခလရ(၁၇)တပ်ရင်းအရှေ့က စစ်ဆေးရေးဂိတ်သုံးခုကို စစ်ကောင်စီဘက်က ပိတ်ချခဲ့ပါတယ်။ အရင်ကပစ်ခတ်မှုတွေ ဖြစ်တိုင်း မကျည်းကုန်းဂိတ်နဲ့ ပလမြို့ရဲစခန်းဂိတ်ကိုသာ စစ်ကောင်စီဘက်က ပုံမှန်ပိတ်ချလေ့ရှိပေမဲ့ ဒီကနေ့မှာတော့ ခလရ(၁၇)အရှေ့ကနေ ဂိတ်ကိုပါ ပိတ်ချခဲ့တာပါ။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း တိုက်ပွဲဖြစ်ပွါးနေတဲ့ မီးလောင်ချောင်းရွာနဲ့နှစ်ရွာခြားတဲ့ တပိုရွာဘက်မှာ လမ်းပိတ်ထားခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ခရီးသွားယာဉ်တွေကိုဖြတ်သန်းခွင့်မပေးတာဟာ တိုက်ပွဲအတွင်းပြည်သူတွေထိခိုက်ဒဏ်ရာရမှာစိုးတဲ့အတွက် ပိတ်ချထားရတာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်တာကလည်း ကြိုကြေညာထားလို့မရတော့ ပိတ်ချရတာ ရုတ်တရက်တော့ ဖြစ်တယ်ဗျ။ စကစဂိတ်တွေကလည်း ပြည်သူတွေထိမှာစိုးလို့ပဲ ဖြစ်မှာပါ။ ဒီကာလမှာ ဒီလိုအခက်အခဲတွေကတော့ အနည်းနဲ့အများကြုံကြရမှာပါပဲ။ လို့ တပ်ဖွဲ့ဝင်က ရှင်းပြပါတယ်။

ဒီလိုလမ်းပိတ်မှုတွေကြောင့် ထားဝယ်မြို့ဘက်ကနေ မြိတ်မြို့ဘက်ကို အတက်၊ အဆင်းလုပ်တဲ့ခရီးသွားယာဉ်တွေ အကုန်ပိတ်မိခဲ့ပြီး ဒီကနေ့ ညနေလေးနာရီရောက်မှသာ စစ်ဆေးရေးဂိတ်တွေက ပြန်ဖွင့်ပေးလို့ ထွက်ခွါနိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိတ်ဆင်းမယ်ဆိုပြီးထွက်သွားတာ တပိုမှာပိတ်ထားလို့ဆိုပြီး ပြန်လာတယ်တဲ့။ ပလရောက်တော့ ပြန်ပိတ်ခံရတယ်တဲ့။ အဲဒါနဲ့ တနေ့လုံးနီးပါးပဲ ပိတ်မိနေတာ။ လို့ လမ်းပိတ်မိနေခဲ့တဲ့မိတ်ဆွတွေရဲ့ အခြေအနေကို လက္ကူးဒေသခံအမျိုးသားတစ်ဦးက ပြန်ပြောပြပါတယ်။

စစ်ဆေးရေးဂိတ်တွေက ပြန်ဖွင့်ပေးနေပေမယ့် တချို့ခရီးသွားယာဉ်တွေကတော့ မဖြတ်ရဲဘဲ လာတဲ့လမ်းအတိုင်းပြန်လှည့်သွားတဲ့ ယာဉ်တွေလည်းရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့နီးစပ်သူတွေပြောပြချက်အရ သိရပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေနဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကို တနင်္သာရီတိုင်းမ်အနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပုလောမြို့နယ်အတွင်း အခုလိုတိုက်ပွဲပြင်းထန်တဲ့အချိန်တိုင်း ကားလမ်းပိတ်တဲ့ ဖြစ်စဉ်တွေဟာ မနှစ်ကလည်း အနည်းဆုံး သုံးကြိမ်ခန့် ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့နှစ် ဇွန်လက ပုလောမြို့အဝင်အထွက်ကို စစ်ကောင်စီဘက်က နှစ်ရက်ကျော်ပိတ်ခဲ့တဲ့ဖြစ်စဉ်မှာ ခရီးသည် အများအပြား စားသောက်နေထိုင်ရေး ဒုက္ခရောက်ခဲ့ရပါတယ်။

The Tanintharyi Times