ပါမောက္ခ ရှောင်တာနယ်ကို ချက်ချင်းလွှတ်ဖို့ ဩစတြေးလျ တောင်းဆို

ပါမောက္ခ ရှောင်တာနယ်ကို ချက်ချင်းလွှတ်ဖို့ ဩစတြေးလျ တောင်းဆို

ဒီကနေ့ နေပြည်တော်က စစ်ကောင်စီတရားရုံးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံလိုက်ရတဲ့ ဩစတြေးလျနိုင်ငံသား စီးပွားရေး အကြံပေး ပါမောက္ခ ရှောင်တာနယ်ကို ချက်ချင်းလွှတ်ဖို့ ဩစတြေးလျက တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ရှောင်တာနယ်၊ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်နဲ့ စီမံဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကို နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ စစ်ကောင်စီက ထောင်ဒဏ် သုံးနှစ်စီ ဒီနေ့ ချမှတ်ခဲ့တာပါ။

ရှောင်တာနယ်ရဲ့ ဇနီးဖြစ်သူကလည်း ထောင်ဒဏ်ချမှတ်ခံရတာကို သိရလို့ မိသားစုဝင်အားလုံး ကြေကွဲဝမ်းနည်းရကြောင်း၊ သူ့ရဲ့ခင်ပွန်းဟာ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် အားသွန်ခွန်စိုက် အလုပ်လုပ်ခဲ့သူဖြစ်ပြီး မြန်မာကို နှစ်ပေါင်း ၂၀ ကျော် ထောက်ခံအားပေးခဲ့သူဖြစ်ကြောင်းနဲ့ ယခု ချမှတ်တဲ့ ပြစ်ဒဏ်ရဲ့ သုံးပုံနှစ်ပုံကို အချုပ်ထောင်မှာ နေပြီးဖြစ်လို့ ငဲ့ညှာတဲ့အနေနဲ့ ပြည်နှင်ဒဏ်ပေးပြီး ပြန်လွှတ်ဖို့ တောင်းဆိုလိုက်ပါတယ်။

နေပြည်တော် အကျဉ်းထောင်တွင်းက တံခါးပိတ် တရားခွင်မှာ ဒီနေ့ အမိန့်ချမှတ်တာကို မြန်မာနိုင်ငံ ဩစတြေးလျသံရုံးက ယာယီတာဝန်ခံနဲ့ ကောင်စစ်ရေးရာ တာဝန်ရှိသူတွေ တက်ရောက်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ တရားခွင်ကို ဝင်ခွင့်မရခဲ့ဘူးလို့ ဩစတြေးလျက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးဖြစ်တဲ့ ရှောင်တာနယ်ကို ၁၉ လကျော်ကြာ စစ်ကောင်စီက မတရား ဖမ်းဆီးထားစဉ် တစ်လျှောက်လုံး သူ့အပေါ် စွပ်စွဲထားမှုတွေကို တောက်လျှောက် ကန့်ကွက်ခဲ့တယ်လို့ ဩစတြေးလျ အစိုးရက ထပ်လောင်း ပြောပါတယ်။

မြန်မာပြည်သူတွေနဲ့ နိုင်ငံ့စီးပွားရေးအတွက် ကူညီပေးခဲ့တဲ့ ရှောင်တာနယ်ကို နိုင်ငံတကာက လေးစားကြပြီး သူ့အနေနဲ့ ဩစတြေးလျက နေအိမ်ကို မပြန်နိုင်မချင်း လုပ်နိုင်တာတွေကို အစွမ်းကုန် ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ဩစတြေးလျက ဆိုပါတယ်။

ပါမောက္ခ ရှောင်တာနယ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံက ထွက်ခွာဖို့ ပြင်နေစဉ်မှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး သူ့ရဲ့ ကွန်ပျူတာထဲမှာ နိုင်ငံရဲ့ အရေးကြီး သတင်းအချက်အလက်တွေ တွေ့တယ်ဆိုပြီး နိုင်ငံတော်လျှို့ဝှက်ချက် ဖောက်ဖျက်မှုနဲ့ တရားစွဲခံရကာ ခုလို ထောင်ဒဏ် ချမှတ်ခံခဲ့ရတာပါ။

ဒါ့အပြင် သူဟာ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းတွေ ချိုးဖောက်မှုနဲ့ နောက်ထပ် သီးခြား အမှုရင်ဆိုင်နေရပြီး အဲဒီအမှုကိုလည်း မကြာခင် အမိန့်ချဖွယ်ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောဆိုထားပါတယ်။

ပါမောက္ခ ရှောင်တာနယ်ဟာ စစ်အာဏာသိမ်းပြီးနောက် ပထမဆုံး ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားဖြစ်ပါတယ်။ မကြာသေးခင်ကလည်း စစ်ကောင်စီဟာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း ဗြိတိန်နိုင်ငံသူ မစ္စ ဗစ်ကီဘိုးမန်းကို လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ထောင် ၁ နှစ် ချမှတ်ခဲ့ပါသေးတယ်။

The Tanintharyi Times