NUG အစိုးရအဖွဲ့ကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာကို လက်ခံထားတယ်လို့ ပြော
NUG အစိုးရအဖွဲ့ကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာကို လက်ခံထားတယ်လို့ ပြော

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ လက်ခံထားတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က အသိပေး ပြောကြားလိုက်ပါတယ်။
NUG အစိုးရရဲ့ စွမ်းဆောင်ရည် ပိုမိုတိုးတက်စေရေးအတွက် ပြုပြင်ပြောင်းလဲရေး တွေ ဆက်လက်လုပ်ဆောင်နိုင်ရေးမှာ ကဏ္ဍအလိုက် ပညာရှင်တွေရဲ့ အကြံပြုချက်တွေ ရယူနေ တယ်လို့ လည်း သူကပြောပါတယ်။
“အခြေအနေ အချိန်အခါနဲ့ ကိုက်ညီသော ပြည်ထောင်စုအစိုးရတရပ်အဖြစ် မိမိကိုယ်ကို လေ့လာသုံးသပ်ဖို့နဲ့၊ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ကို နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်အပါအဝင် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်တွေ အားလုံးအနေနဲ့ နားလည်သဘောပေါက်ထားပါတယ်” လို့ ဦးနေဘုန်းလတ်ကပြောပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရNUG ကို စွမ်းဆောင်ရည် ပိုမိုတိုးတက်စေဖို့နဲ့ ကိုယ်စားပြုပါဝင်မှု ပိုမိုမြင့်တက်စေဖို့အတွက် ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်လုပ်ဆောင်နိုင်ရေးကိုလည်း လေ့လာဆန်းစစ်သုံးသပ်လျက်ရှိသလို ကဏ္ဍအလိုက် ပညာရှင်တွေရဲ့ အကြံဉာဏ်တွေကိုလည်း ရယူ စုဆောင်းလျက်ရှိနေတယ်လို့လည်းသူက ပြောပါတယ်။
အစိုးရအဖွဲ့အတွင်း လုပ်ငန်းတွေ ပိုမိုကျစ်လျစ် ထိရောက်စေဖို့အတွက် ဝန်ကြီးဌာနတွေကို ကဏ္ဍကြီး (၆) ရပ်အပေါ်အခြေခံပြီး စုဖွဲ့ဆောင်ရွက်တဲ့ ပုံစံကို ပြောင်းလဲ ဆောင်ရွက်နေတာလည်းရှိတယ်လို့ဆိုပါတယ်။
အလားတူပဲ အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး တိုင်း သို့မဟုတ် ဖယ်ဒရယ်ယူနစ် အုပ်ချုပ်ရေး အစိုးရ အဖွဲ့တွေ ပေါ်ပေါက်လာရေးအတွက် အထူးအလေးပေး ဆောင်ရွက်နေတယ်လို့ လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က “ပြည်သူလူထုနှင့် နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ် – ၁၄/၂၀၂၅” ကို ဒီနေ့မှာ ထုတ်လွှင့်ခဲ့ရာ အခုလို ထည့်သွင်းပြောကြားလိုက်တာပါ။
Connect Burma
The Tanintharyi Times