ကော့သောင်းမှာစစ်ကောင်စီတပ်က ကုန်းလမ်းရောရေလမ်းပါ လုံခြုံရေးတင်းကြပ်

ကော့သောင်းမှာစစ်ကောင်စီတပ်က ကုန်းလမ်းရောရေလမ်းပါ လုံခြုံရေးတင်းကြပ်

ပုံစာ - ကော့‌သောင်းမြို့မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ။ (ပုံဟောင်း)

ကော့သောင်းမြို့ကို စစ်ကောင်စီတပ်က ကုန်းလမ်းရော ရေလမ်းကပါလုံခြုံရေးတင်းကြပ်ထားတယ်လို့ မြို့ခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

အခုလ ၂၄ ရက်နေ့ညကစလို့ ကော့သောင်းမြို့က လူငယ်တွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာပြီးနောက် ၇မိုင်၊ ၉မိုင်နဲ့ ၁၀ မိုင်မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကိုဖြတ်တဲ့ အရပ်သားတိုင်းကို စစ်ကောင်စီတပ်က ဖုန်းစစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ကော့သောင်းမြို့ ခံတွေက ပြောပါတယ်။

မြို့ရဲ့အဝိုင်းပတ်နေရာတွေမှာ ရဲတွေရှိနေသလို ကင်းလှည့်တာကိုလည်း နေ့ရောညပါ လုပ်ဆောင်လာတယ်လို့ မြို့ခံတွေဆီက ဆိုပါတယ်။

ပစ်ခတ်မှု၊ တိုက်ခိုက်မှုဖြစ်တဲ့အချိန်ကျမှသာ ကွက်ကျားစစ်ဆေးမှုတွေ လုပ်ဆောင်လေ့ရှိတဲ့ ၇ မိုင်၊ ၉ မိုင်နဲ့ ၁၀ မိုင်စစ်ဆေးရေးဂိတ်တွေဟာ အခုလ ၂၄ ရက်နေ့ကစပြီး တင်းတင်းကြပ်ကြပ်စစ်ဆေးလာတယ်လို့ သိရပါတယ်။

“၁၀ မိုင်က မြို့ထွက်ပေါက်မှာရှိတယ်ဆိုတော့ ပိုစစ်တယ်။ ဖုန်းတွေကိုပဲအဓိကစစ်တာ။ ဆိုင်ကယ်ဦးထုပ်တို့ လိုင်စင်တို့ကျတော့ မော်တော်ပီကယ်ရှိမှစစ်တာ။” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ညဘက်ကင်းလှည့်တာတွေကိုလည်း ပုံမှန်ဆိုင်ကယ် ၅စီး၊ ဗီဂိုး ကားငယ်နှစ်စီးနဲ့မြို့ထဲပတ်မောင်းတာလောက်သာရှိပေမဲ့ အခုရက်ပိုင်းအတွင်းမှာတော့ စစ်ကောင်စီတပ်သားတွေဟာ နံပါတ်ပြားမပါတဲ့ စလွန်းကား ၃ စီးလောက်ပါအသုံးပြုလာပြီး လမ်းကြားတွေထဲထိပါ ဝင်ရောက်ပြီးကင်းလှည့်တာမျိုးတွေလုပ်ဆောင်နေတယ်လို့ ဆက်ပြောပါတယ်။

ကုန်းလမ်းကြောင်းကိုအခုလိုနည်းလမ်းနဲ့ပိတ်တာအပြင် ရေလမ်းကိုပါ လေလုံးတိုးလှေ ၄ စီး၊ ပုံမှန် speed boat ကင်းလှည့်ယာဥ် ၂ စီးနဲ့ ကော့သောင်းမြို့ကနေ ရေလမ်းထွက်ပေါက်တွေဘက်ကို နေ့ရောညပါ ကင်းလှည့်စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“၂၄ ရက်နေ့က ၄စီးပဲရှိသေးတယ်ဗျ။ ဒီနေ့ဆို ၆ စီးရှိနေတယ်။ လှေငယ်တွေကို ပိုစစ်တယ်ဗျ။” လို့ပြောပါတယ်။

လေးလုံးထိုးလှေဆိုတာဟာ အင်ဂျင်လေးလုံးတပ်ဆင်ထားတဲ့လှေကိုပြောတာဖြစ်ပြီး ကော့သောင်းရဲတွေမောင်းတဲ့ Speed boat မှာကျတော့အင်ဂျင်နှစ်လုံးသာပါပြီး ကင်းလှည့်လှေအနေနဲ့အသုံးပြုလေ့ရှိတာဖြစ်ပါတယ်။

အခုလိုစစ်ကောင်စီတပ်ရဲ့ တင်းကြပ်စစ်ဆေးမှုတွေကြောင့် ကော့သောင်းမြို့ခံတွေ သွားလာရမလွတ်လပ်တာ၊ မလုံခြုံတာတွေခံစားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အခုလ တတိယအပတ်ထဲမှာ ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စုမှာရှိတဲ့ ပျူစောထီးအဖွဲ့ဝင်သုံးဦးကို ကော့သောင်း(ပကဖ)က ဝင်ရောက်ပစ်သတ်ခဲ့ပါတယ်။

The Tanintharyi Times