ငါနဲ့တိုက်ရိုက် သက်ဆိုင်ပါတယ်

ငါနဲ့တိုက်ရိုက် သက်ဆိုင်ပါတယ်

Education
ပုံစာ - ဦးသိန်းစိန်အစိုးရလက်ထက် စစ်ဘေးဒဏ်ခံနေရတဲ့ ရှမ်းပြည်နယ်ကပြည်သူတွေကို လစ်လျူရှုနေကြတဲ့အဖြစ်ကို သတိပြုမိစေဖို့ ရည်ရွယ်ပြီး လူစည်ကားတဲ့ရန်ကုန်မြို့ မှာ အမျိုးသမီးတစ်ဦး ဆန္ဒထုတ်ဖော်နေတဲ့ဓာတ်ပုံဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ပုံအဟောင်းဖြစ်ပါတယ်။

ကျွန်မဘဝမှာ ပုံပြင်တွေဟာ သိပ်ကို အရေးပါအရာရောက် လှပါတယ်။ ဘဝမှာ ကြုံတွေ့ရတဲ့ အကောင်းအဆိုး လောကဓံတွေကို ဖတ်ခဲ့၊ ကြားခဲ့ရတဲ့ ပုံပြင်တစ်ပုဒ်ပုဒ်နဲ့ ဆက်စပ်တွေးတောပြီး ကျော်ဖြတ်တတ်တာ ကျွန်မအတွက် အလေ့အကျင့်တစ်ခု ဖြစ်လို့နေပါပြီ။

ဆက်စပ်တွေးတောရမယ့် အတွေးပေါင်းများစွာနဲ့အတူ ကျွန်မရဲ့ အတွေးအခေါ် အပြုအမူတွေကိုပါ ပုံပြင်တွေက ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိခဲ့ပါတယ်။ ပုံပြင်တွေဟာ ကျွန်မဘဝ ဖြတ်သန်းမှုကို အများဆုံး လွှမ်းမိုးခဲ့တယ်လို့ ပြောရင်လည်း မမှားပါဘူး။

ငယ်ငယ်ကတည်းက စာဖတ်ဝါသနာပါလှသူမို့ ရိုးရာပုံပြင် အမျိုးမျိုးနဲ့ ဘာသာပြန်ပုံပြင်စာအုပ် အမျိုးမျိုးကို ဖတ်ခဲ့ရပါတယ်။ ပုံပြင်ရေးတဲ့ စာရေးဆရာတွေဟာ သူတို့ပတ်ဝန်းကျင်မှာ မြင်တွေ့ကြားသိရတဲ့ ဘဝအဖုံဖုံကို တိုက်ရိုက်မပြောချင်တဲ့အခါ၊ တိုက်ရိုက်ပြောဖို့ အခွင့်အရေး မရကြတဲ့အခါ ပုံပြင်တွေနဲ့ ပုံပမာနှိုင်းပြီး ပြောပြကြတယ်လို့ ကြားဖူးပါတယ်။

ဒါကြောင့် ပုံပြင်တွေဟာ ကျွန်မတို့ ဖြတ်သန်းကျင်လည်ရတဲ့ ပတ်ဝန်းကျင်နဲ့ ခေတ်အခါကာလကို ထင်ဟပ်စေတဲ့အပြင်၊ လူသားတွေရဲ့ အကောင်းအဆိုး အလင်းအမှောင် ရောယှက်နေတဲ့ သဘောသဘာဝကို ထင်ဟပ်စေတဲ့ ကြေးမုံပြင်တစ်ချပ် ဖြစ်စေခဲ့ပါတယ်။

ကျွန်မဘဝမှာ အဖြစ်အပျက်တစ်ခုခု ဖြစ်ပျက်သွားတဲ့အခါတိုင်း ဖတ်ရှုကြားသိခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်ပုဒ်ကို ပြန်ပြောင်းသတိရမိရင်း “မှန်လိုက်တာ၊ ဟုတ်လိုက်တာ” လို့ စိတ်ထဲက ရေရွတ်ရင်း ပုံပြင်တွေရဲ့ တန်ဖိုးကို တသသဖြစ်ရတဲ့ အကြိမ်တွေများလှပါတယ်။ အခုလည်း ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တစ်ခုကို အခြေခံပြီး ကြားခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်ကို ထပ်ခါတလဲလဲ ပြန်တွေးနေမိပါတယ်။

ပုံပြင်နာမည်ကို “ကြွက်ထောင်ချောက်” လို့လည်း ပေးကြသလို “ငါနဲ့ဘာဆိုင်လို့လဲ” လို့လည်း ပေးကြပါတယ်။ ကြားခဲ့တဲ့ အချိန်တုန်းက သိပ်အလေးအနက် မရှိခဲ့ပေမယ့် နောက်ပိုင်း ကြုံဆုံခဲ့ရတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြီး အဲဒီပုံပြင်လေးကို ခဏခဏ ပြန်သတိရမိပါတယ်။ ပုံပြင်လေးက ရိုးရိုးရှင်းရှင်းလေးပါ။

တခါက လင်မယားနှစ်ယောက်နေတဲ့အိမ်မှာ နွားတစ်ကောင်၊ ဝက်တစ်ကောင်၊ ကြွက်တစ်ကောင် ရှိတယ်တဲ့။ နွားနဲ့ဝက်ကိုတော့ မွေးထားပေမယ့် ကြွက်ကတော့ သူ့ဘာသာသူ ကပ်ရပ်နေနေတာပေါ့လေ။ ကြွက်က ညညဆို ထထသောင်းကျန်းတတ်တော့ အိမ်ရှင်မက ကြွက်ထောင်ချောက်တစ်ခု ဝယ်လာပါသတဲ့။

ကြွက်ထောင်ချောက်ကို မြင်တော့ ကြွက်ဟာ ဆောက်တည်ရာမရဖြစ်ပြီး ခြံထဲမှာရှိတဲ့ နွားနဲ့ဝက်တို့ကို ဘယ်လိုလုပ်ရမလဲလို့ အကြံဉာဏ်သွားတောင်းသတဲ့။ နွားနဲ့ဝက်က ကြွက်ထောင်ချောက်ဆိုတာ သူတို့နဲ့ မဆိုင်တာမို့ အေးအေးလူလူပါပဲ။ သူတို့က သောကတွေနဲ့ချောက်ခြားနေတဲ့ ကြွက်ကို တစ်ခွန်းတည်း ပြန်ပြောလိုက်ကြတယ်။ “ငါတို့နဲ့ ဘာဆိုင်လို့လဲ” တဲ့။

ကြွက်ထောင်ချောက်ဆင်ထားတဲ့ အဲဒီညမှာ ကြွက်ထောင်ချောက်ဆီက အသံတစ်သံကြားလိုက်လို့ အိမ်ရှင်မခမျာ ကြွက်မိတယ်ထင်ပြီး ဝမ်းသာအားရနဲ့ အမှောင်ထဲမှာ အဲဒီနားသွားလိုက်တာ မြွေပေါက်ခံရပါရောလား။ တကယ်တမ်း ကြွက်ထောင်ချောက်မှာ မိနေတာက ကြွက်မဟုတ်ပဲ မြွေတစ်ကောင်ရဲ့ အမြီးပိုင်းလေး ဖြစ်နေပါသတဲ့။

ကြိုးစားပြီး ကုသကြပေမယ့် မြွေကိုက်ခံရတဲ့ အိမ်ရှင်မခမျာ ဆုံးပါးသွားရှာတယ်။ ဒါ့ကြောင့် ရက်လည်အလှူမှာ ကျွေးမွေးဖို့ ဝက်ကိုသတ်ပြီး ဝက်သားပေါ်လိုက်ရတယ်။ အလှူမှာ အကုန်အကျလည်းများတာမို့ တင်သွားတဲ့ အကြွေးကိုဆပ်ဖို့ နွားကိုလည်း သားသတ်သမားဆီ ရောင်းလိုက်ရတယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။ ကြွက်ထောင်ချောက်ဟာ “ငါတို့နဲ့ ဘာဆိုင်လို့လဲ” ပြောခဲ့ကြတဲ့ နွားနဲ့ဝက်တို့ဟာ ကြွက်ထောင်ချောက်ကြောင့် စောစောစီးစီး သေသွားရရှာတယ်။

ဒီပုံပြင်ကို လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် တီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်တစ်ခုမှာ ကျွန်မ အလုပ်လုပ်နေတဲ့ အချိန်တုန်းက တာဝန်ခံဆရာဝန်က ပြောပြလို့ စကြားခဲ့ရတာပါ။ တီဘီရောဂါဟာ လေကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါမို့ တကယ်လို့များ ငါနဲ့ဘာဆိုင်လို့လဲ လို့ မသိကျိုးကျွံ နေမိမယ်ဆိုရင် ကိုယ့်ခန္ဓာကိုယ်ထဲကို တီဘီရောဂါက တနည်းနည်းနဲ့ ဝင်ရောက်လာမှာ မလွဲပါဘူး။ ဒါ့ကြောင့် တီဘီရောဂါကို ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြဖို့ အရေးကြီးတယ်လို့ ဆရာဝန်က ပြောရင်း ဒီပုံပြင်လေးကို ပြောပြပါတယ်။

​ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ တချို့သူတွေဟာ တော်လှန်ရေးကို ကြိုးကြိုးစားစား လုပ်ဆောင်နေကြပေမယ့် တချို့သူတွေကတော့ ဘာသိဘာသာပဲ ကိုယ်နဲ့မဆိုင်သလို ခပ်အေးအေး ဘေးထွက်နေနေကြတာကို တွေ့ရပါတယ်။

ကျွန်မနဲ့ ရင်းနှီးတဲ့ အမျိုးသမီးကြီးတစ်ယောက်ဆို ဒေါ်လာစျေးတက်တဲ့သတင်းကြားတော့ “ဒေါ်လာစျေးတက်တာ ငါနဲ့ဘာဆိုင်လို့လဲ၊ ငါ့မှာ ဒေါ်လာတစ်ရွက်မှ မရှိတာ” လို့ ရယ်ရယ်မောမော ပြောရှာတယ်။ ဒါပေမယ့် ကုန်စျေးနှုန်းတွေ ဖြုန်းကနဲ တက်လာတဲ့အခါကျမှ ဒေါ်လာစျေးတက်တာဟာ သူ့အိမ်ရဲ့ အသုံးစရိတ်တွေနဲ့ တိုက်ရိုက်သက်ဆိုင်ကြောင်း သိလာပါတော့တယ်။

အဲဒီအမျိုးသမီးလိုမျိုးပဲ စစ်တပ်အာဏာသိမ်းတာဟာ ကိုယ်နဲ့ဘာမှမဆိုင်ဘူးလို့ ခံယူထားသူတချို့ကို တွေ့ရတဲ့အခါ ပထမတော့ ဒေါသထွက်မိပါတယ်။ နောက်တော့ ကျွန်မဘဝမှာလည်း မတရားမှုတွေကို မျက်ကွယ်ပြုပြီး ကိုယ်နဲ့မဆိုင်သလို နေခဲ့တဲ့ အကြိမ်အရေအတွက် ဘယ်လောက်များ ရှိခဲ့ပါလိမ့်လို့ ပြန်ပြောင်းတွေးမိပါတယ်။

၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် ပြောခဲ့သလိုပါပဲ။ “မကောင်းမှုတစ်ခုကို ကိုယ်နဲ့မဆိုင်ဘူးလို့ မျက်ကွယ်ပြုထားတဲ့အခါ အဲဒီမကောင်းမှုဟာ တချိန်ချိန်မှာ ကိုယ့်အိမ်တံခါးကို လာခေါက်ပါလိမ့်မယ်” တဲ့။

ကျွန်မဘဝမှာ ကိုယ့်မျက်စေ့ရှေ့မှာ ဖြစ်ပျက်နေတဲ့ မကောင်းမှုတွေ၊ မတရားမှုတွေ၊ မှားယွင်းမှုတွေကိုကိုယ်နဲ့မဆိုင်သလို နေမိလို့ အဲဒီမကောင်းမှုဟာ ကိုယ့်အိမ်တံခါးကိုတောင် မကတော့ပဲ ကိုယ့်အိပ်ရာထဲအထိ ရောက်လာခဲ့ရတဲ့ အဖြစ်အပျက်တချို့ ရှိခဲ့ဖူးပါတယ်။

ကျွန်မမှတ်မိပါသေးတယ်။ ၂၀၁၃ ခုနှစ်တုန်းက မိတ်ဆွေတစ်ယောက်ရဲ့အိမ်မှာ သတင်းစာဖြတ်ပိုင်းအစတခု ကို အမှတ်တမဲ့ ဖတ်လိုက်ရတယ်။ သတင်းက ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသခံတွေရဲ့ ဘဝအပေါ် အကျိုးသက်ရောက်မှုတွေနဲ့ ထိခိုက်မှုတွေအကြောင်း ရေးထားတာပါ။ သတင်းကိုဖတ်ပြီး အမှုမဲ့ အမှတ်မဲ့ပါပဲ။ ဒေသခံတွေအတွက် ထိခိုက်မှုရှိတယ်ဆိုပေမယ့် ကျွန်မနဲ့ အဝေးကြီးမှာမို့ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ တွေးမိဖို့နေနေသာသာ ကိုယ်ချင်းစာစိတ်လေးတောင် မဖြစ်မိခဲ့ပါဘူး။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ရှည်လျားလှတဲ့ ကမ်းရိုးတန်း တစ်နေရာမှာ နေထိုင်သူ ကျွန်မအနေနဲ့ အဲဒီလို ထပ်တူ ပြဿနာမျိုးကို နောက်နှစ်အနည်းငယ်အကြာမှာ ကိုယ်တိုင်တွေ့ကြုံခံစားရပါတော့တယ်။ မြေယာပြဿနာတွေ၊ ပွင့်လင်းမြင်သာမှုမရှိလို့ ဘာများဆက်ဖြစ်မလဲလို့ ကြောက်ရွံ့ထိတ်လန့်ရတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စတဲ့ ပြဿနာပေါင်းစုံဟာ သတင်းစာဖြတ်ပိုင်းတစ်ခုကို ဖတ်ရတုန်းက ကိုယ်နဲ့မဆိုင်သလို နေခဲ့တဲ့ ကျွန်မဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။

ဒါ့အပြင် ၂၀၁၇ တုန်းက ရိုဟင်ဂျာတွေကို သတ်ဖြတ်ဖို့ လက်နောက်ပြန်ကြိုးတုပ်ထားပြီး ဒူးထောက်နေတဲ့ ရိုဟင်ဂျာ တစ်စုရဲ့ဓါတ်ပုံကို တွေ့ရတုန်းက ဝမ်းနည်းထိတ်လန့်မိပေမယ့် ကိုယ့်ဆီမှာ အဲဒီလို အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မယ်လို့ မတွေးမိတာ အမှန်ပါပဲ။

အသိဉာဏ်ပညာ နည်းပါးမှုနဲ့ ဦးနှောက်မှိုင်း အတိုက်ခံခဲ့ရတဲ့ ခေတ်စနစ်အောက်မှာ ကြီးပြင်းလာရသူပီပီပဲ ကျွန်မဟာ မတရားမှုတွေကို မတရားမှုမှန်းတောင် ခွဲခြားနိုင်စွမ်း နည်းပါးခဲ့ပါတယ်။ အမှန်အမှား မခွဲခြားနိုင်တဲ့ အကျိုးဆက်ဟာ အမှားဘက်ကို အားပေးထောက်ခံမိလျက်သား ဖြစ်သွားပါတော့တယ်။

ဒီနေရာမှာ “မာတင်လူသားကင်း ဂျူနီယာ” ပြောခဲ့တဲ့ စကားတစ်ခွန်းကို သတိရမိပါတယ်။ “မတရားမှုတစ်ခုမှာ ကိုယ်က ကြားနေတယ်ဆိုရင် ကိုယ်ဟာ မတရားမှုကို ထောက်ခံမိလျက်သား ဖြစ်သွားပါတယ်” တဲ့။

ဒီလို “ငါနဲ့ဘာဆိုင်လို့လဲ” လို့ ခံယူထားပြီး ကြားနေနေသူတွေကို နှစ်မျိုးနှစ်စား ခွဲခြားလို့ရမယ် ထင်ပါတယ်။ ပထမတစ်မျိုးက အသိဉာဏ်ပညာ ဗဟုသုတနည်းပါးလို့ အကောင်းအဆိုး မခွဲခြားနိုင်ပဲ စစ်တပ်အာဏာသိမ်းတာ၊ ငါတို့နဲ့ ဘာမှမဆိုင်လို့ ထင်နေတတ်ကြသူတွေပါ။

ဒုတိယတစ်မျိုးကတော့ ဖြစ်လာမယ့် အကျိုးဆက်တွေကို သိမြင်နားလည်ပါလျက်နဲ့ ကိုယ်ကျိုးစီးပွားအတွက်ဆိုရင် ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ လူစားမျိုးတွေပါ။ ခရိုနီလို့ ခေါ်ဝေါ်ကြတဲ့ လူတန်းစားမျိုးပေါ့လေ။ ဒုတိယတစ်မျိုးကိုတော့ လူမှုပြစ်ဒဏ်ကစလို့ သူတို့ကျူးလွန်ထားတဲ့အပြစ်အလျောက် ထိုက်သင့်တဲ့ အပြစ်ဒဏ်ကိုပေးဖို့ လိုအပ်လိမ့်မယ် ထင်ပါတယ်။

ကျွန်မကတော့ ပထမအမျိုးအစားထဲမှာ ပါခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်မကိုယ်တိုင် မတရားမှုတွေနဲ့ တွေ့ကြုံရင်ဆိုင်လာရတဲ့အခါ အမှန်အမှား ခွဲခြားနိုင်ဖို့ လေ့လာသင်ယူမှုတွေ အများကြီး လုပ်ခဲ့ရပါတယ်။ ပထမ အမျိုးအစားထဲက ရုန်းထွက်နိုင်ဖို့အတွက် အမှန်အမှား ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဉာဏ်ပညာ ဗဟုသုတတွေကို ရှာဖွေဆည်းပူးတာတွေ ကြိုးစားလုပ်ဆောင် ကြရပါမယ်။

ကျွန်မတို့တတွေဟာ မတရားမှုတွေကို လျစ်လျူရှုခဲ့မိတဲ့အတွက် မတရားမှုရဲ့ ဆိုးဝါးရက်စက်လှတဲ့ အကျိုးဆက်တွေကို ခံခဲ့ရပေါင်း များလှပါပြီ။ ဆိုးသွမ်းယုတ်မာမှုတွေကို မသိကျိုးကျွံပြုခဲ့မိတဲ့အတွက် ဆိုးသွမ်းယုတ်မာမှုတွေဟာ ကိုယ့်အိမ်တံခါးရှေ့ကိုတောင် မကတော့ပဲ ကိုယ့်အိပ်ရာထဲကို ရောက်လာခဲ့ပါပြီ။ ဒါတောင် “ငါနဲ့ဘာဆိုင်လို့လဲ” ပြောနေသေးရင် ကြွက်ထောင်ချောက် ပုံပြင်ထဲက နွားနဲ့ဝက်လို ဘဝအဆုံးသတ်သွားဖို့ပဲ ရှိပါတော့တယ်။

ဒါ့ကြောင့် မတရားမှုတွေကို အတူတကွ တွန်းလှန်ကြမယ့် ဓမ္မဘက်တော်သားတွေအဖြစ် အတူတကွ ရပ်တည်ရင်း တရားမျှတမှုက အနိုင်ရသည်အထိ မိမိကျရာ အခန်းကဏ္ဍမှာ တိုက်ပွဲဝင်ကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေ။

The Tanintharyi Times

ငြိမ်းပန်