သဘာဝဘေးအန္တရာယ်နဲ့ နိုင်ငံရေးစနစ်

သဘာဝဘေးအန္တရာယ်နဲ့ နိုင်ငံရေးစနစ်

သဘာဝဘေးအန္တရာယ်တွေရင်ဆိုင်ရတဲ့အခါ ဘယ်လောက်ပျက်စီးဆုံးရှုံးမယ်ဆိုတာနဲ့ တိုင်းပြည်က ဘယ်စနစ်နဲ့လည်ပတ်နေသလဲဆိုတာက တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ဟေတီကိုကြည့်ရအောင်ပါ။

၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရာက်နေ့က ဟေတီနိုင်ငံရဲ့မြို့တော်၊ ပို့ အောပရင့်စ် ကို ပြင်းအား ၇.၀ ရှိတဲ့ငလျင်ကတိုက်ခိုက်ပါတယ်။ လူ နှစ်သိန်းကျော် သေဆုံးပြီး ပျက်စီးဆုံးရှုံးမှုလည်းများပြား လှပါတယ်။ နောက်တစ်လအကြာမှာ ချီလီနိုင်ငံကို ပြင်းအား ၈.၈ ရှိတဲ့ ငလျင်ကကိုင်လှုပ်ခဲ့ပါတယ်။

ဟေတီကိုတိုက်ခိုက်တဲ့ ငလျင်ထက် အဆပေါင်းများစွာ အဖျက်အားပိုပြင်းထန်ပါတယ်။ ဒါပေမယ့် လူ ၅၀၀ ခန့်ပဲသေကြေခဲ့ပါတယ်။ ဘာတွေမှားယွင်းသွားခဲ့ပါသလဲ။

ချီလီက အဆောက်အအုံတွေရဲ့ကြံ့ခိုင်အားကို သေချာအောင်စိစစ်တယ်၊ Building Codes တွေကိုတိတိကျကျလိုက်နာခိုင်းတယ်။ ငလျင်လှုပ်ပြီးတာနဲ့ သမ္မတ မီချယ် ဘက်ချလက်အစိုးရက အရေးယူဆောင်ရွက်မှုအင်မတန်မြန်တယ်။ နိုင်ငံတကာနဲ့ပြည်တွင်းကယ်ဆယ်ကူညီရေးအဖွဲ့တွေနဲ့ ဟန်ချက်ညီပူးပေါင်းပြီး အရေးပေါ်လိုအပ်တဲ့ပစ္စည်းတွေနဲ့အထောက်အပံ့တွေရအောင် လုပ်ဆောင်ပါတယ်။

ဟေတီကတော့ဆန့်ကျင်ဖက်ပါ။ Building Code ဆိုတဲ့စနစ်သူတို့ဆီမှာမရှိသေးပါဘူး။ အစိုးရဟာပုံမှန်လည်ပတ်နေတဲ့အစိုးရမဟုတ်ပါဘူး။ ငလျင်လှုပ်ပြီး သီတင်းပတ်တွေကြာတဲ့အထိ အရာရှိကြီးတွေက အိမ်ခြေယာခြေမဲ့ဖြစ်သွားတဲ့ သိန်းနဲ့ချီတဲ့ပြည်သူတွေကို ကူညီနေရာချ ထားပေးဖို့ထက် သူ့တို့အိပ်ကပ်ထဲကို ပိုက်ဆံထည့်ဖို့ကိုပိုစိတ်ဝင်စားပါတယ်။

နိုင်ငံတကာအကူအညီတွေကို ခိုးနေကြတယ်ဆိုတဲ့စွပ်စွဲသံတွေထွက်ခဲ့ပါတယ်၊ မှန်နိုင်ချေ အတော်များလှပါတယ်။ အံ့မခန်း အကျင့်အကြံကတော့ တချို့နိုင်ငံတကာအကူအညီတွေကို လိင်အမြတ်ထုတ်ခွင့်ရပြီးမှပေးတာ၊ ပိုက်ဆံနဲ့ဝယ်ယူခိုင်းတာတွေပါပဲ။

ပြည်သူတွေကြားမှာမကျေနပ်မှုတွေအလွန်အမင်းမြင့်တက်လာပြီး ၂၀၁၀ မေလမှာတော့ဆန္ဒပြပွဲတွေကို ရဲက ဖြိုခွင်းပါတော့တယ်။ သဘာဝဘေးအန္တရာယ်နဲ့ ဒီမိုကရေစီဟာ သက်ဆိုင်နေကြောင်းပါ။

အစိုးရတွေအနေနဲ့ ငလျင်နဲ့အခြားသဘာဝဘေးအန္တရာယ်တွေကို မဖြစ်အောင်ကြိုတင်ကာကွယ်လို့ မရပါဘူး။ လုပ်နိုင်တာကတော့ ခံနိုင်ရည်စွမ်းအားနဲ့ တုန့်ပြန်နိုင်စွမ်းကိုတင်ပြင်ဆင်တာပဲဖြစ်ပါတယ်။ ငလျင်ပြဿနာရှိတဲ့ဒေသတွေကအစိုးရတချို့လုပ်ပုံတွေကြည့်ပါ။ ဘိလပ်မြေကို အရည်အသွေး ထိန်းချုပ်ဖို့ထက် ကိုယ့်ကို “အာရကေ”ပေးတဲ့ခရိုနီကိုကန်ထရိုက်ပေးဖို့ကို ပိုတက်ကြွ ပါတယ်။။ ဒီခရိုနီဟာ အရည်းအသွေးမြင့် ဘိလပ်မြေကိုလုံလောက်အောင်သုံးဖို့ မစဉ်းစားတော့ပါဘူး။

၂၀၀၃ခုနှစ်မှု အီရန်မှာ ငလျင်လှုပ်တော့ လူ၃သောင်းလောက်သေကြေပါတယ်။ တရုတ်မှာဆိုရင်တော့ ဒီထက်ပိုဆုံးရှုံးနိုင်ပါတယ်။ ချီလီ၊ ဂျပန်နဲ့အမေရိကန်ပြည်ထောင်စုလိုနိုင်ငံတွေမှာဖြစ်ရင် ဆုံးရှုံးမှုက ဒီလောက်မရှိနိုင်ပါဘူး။ ကြိုတင်ပြင်ဆင်မှုအပေါ်မူတည်ပါတယ်၊ ကြိုတင်ပြင်ဆင်မှုက နိုင်ငံရေးစနစ် အပေါ်မူတည်ပြန်ပါတယ်။

ရုတ်တရက်ကြည့်လိုက်ရင် ချမ်းသာတဲ့နိုင်ငံက ပိုပြီးကြိုတင်ပြင်ဆင်မှုလုပ်နိုင်တာပေါ့လို့တွေးလေ့ ရှိပါတယ်။ အဲဒီလောက်မရိုးရှင်းပါဘူး။ ၁၉၇၀ မှာ ပီရူးမှာ ပြင်းအား ၇.၉ ရှိတဲ့ငလျင်လှုပ်ပါတယ်။ လူ ၇ သောင်းနီးနီးလောက်သေပါတယ်။ ၂၀၀၁မှာ ပိုပြင်းတဲ့ငလျင်လှုပ်ပါတယ်။ ၁၅၀လောက်ပဲ သေပါတယ်။ တစ်ဦးချင်းဝင်ငွေက နှစ် ၃၀ အကြာမှာအတူတူပဲဖြစ်ပါတယ်။ ကွာခြားတာကတော့ ၂၀၀၁ခုနှစ်မှာပီရူးဟာ ဒီမိုကရေစီနိုင်ငံဖြစ်နေပါတယ်။ ၁၉၇၀ တုန်းက ဒီမိုကရေစီနိုင်ငံ မဟုတ်ခဲ့ပါဘူး။

၁၉၀၆ ခုနှစ်က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ ငလျင်ကြီးလှုပ်ပြီး လူပေါင်း၃ထောင်ကျော် လောက်အသက်ဆုံးရှုံးပါတယ်။ အဲဒီတုန်းက အမေရိကန်ရဲ့တစ်ဦးချင်းဝင်ငွေဟာ ၁၉၈၅မှာ ရှိတဲ့ မက္ကဆီကန်နဲ့ ဆတူလောက်ရှိပါတယ်။ ၁၉၈၅ မှာပဲမက္ကဆီကိုစီးတီးမှာ အင်အားအတူလောက်ရှိတဲ့ ငလျင်လှုပ်ပါတယ်။ သေတဲ့နှုန်းဟာ ဆန်ဖရန်စစ္စကိုထက် သုံးဆပိုများပါတယ်။ နိုင်ငံရေးစနစ်ရဲ့ ကွာခြားမှုဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်က အိန္ဒိယမှာငလျင်လှုပ်တော့ လူ၂ သောင်းလောက်သေပါတယ်။ ၂၀၀၅မှာ ပါကစ္စတန် ငလျင်လှုပ်တော့ သေဆုံးသူအရေအတွက် ၈ သောင်းကျော်ပါတယ်။ ထစ်ကနဲ့ရှိ အာဏာသိမ်းချင်တဲ့ ပါကစ္စတန်စစ်တပ်တော့ဘာပြောချင်မလဲမသိပါ။

ဒီမိုကရေစီစနစ်မှာတော့ ကုလားထိုင်မှာဆက်ထိုင်ချင်ရင် ပြည်သူအများစုရဲ့ထောက်ခံမှုကို ဖန်တီး တည်ဆောက်ယူရတာပါ။ ပြည်သူထောက်ခံမှုကိုရဖို့ ကျန်းမာရေး၊ပညာရေးကစလို့ ပြည်သူတွေရဲ့ အရေးကိစ္စကို ဖြည့်ဆည်းပေးကြရမှာပါ။ အာဏာရှင်စနစ်မှာတော့ ကိုယ့်လူကိုယ်ခန့်၊ ကိုယ့်အိတ်ထောင်ကိုယ်ဖြည့်၊ ကိုယ့်မဲကိုယ်ခိုးပြီးသွားကြတာဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ဖြစ်လို့ လူ့အသက်မကယ်နိုင်တဲ့အစိုးရက ဖင်နဲ့ ထိုင်ခုံမြဲဖို့ မလွယ်ပါဘူး။ လေ့လာတွေရှိမှုတွေအရ ဒီမိုကရေစီနိုင်ငံတွေရဲ့ ၃၉ ရာခိုင်နှုန်းဟာ ၂ နှစ်အတွင်းမှာ အစိုးရကိုဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ရင်ဆိုင်ရပါတယ်။ လူ၂၀၀ကျော်သေဆုံးတဲ့ ငလျင်မျိုးကြုံရရင်တော့ ဒီနှုန်းကနှစ်ဆမြင့်တက်သွားပါတယ်တဲ့။

၁၉၇၆ နဲ့၂၀၀၇ ခုနှစ်အတွင်းမှာ ဒီမိုကရေစီနိုင်ငံတွေရဲ့ ၄၀ရာခိုင်နှုန်းဟာ အစိုးရတွေကိုအပြောင်းအလဲ လုပ်ခဲ့ကြပါတယ်။ သူတို့တွေရဲ့ ၉၁ရာခိုင်နှုန်းဟာ ငလျင်ကြီးကြီးမားမားနဲ့ ရင်ဆိုင်ရအပြီးမှာ ဖြစ်ပါတယ်။ တူရကီကိုကြည့်ရအောင်ပါ။

၁၉၉၉မှာ တူရကီဟာ ငလျင်နှစ်ကြိမ်ကြုံတွေ့ရပါတယ်။ ဩဂုတ်နဲ့ နိုဝင်ဘာတွေမှာဖြစ်ပါတယ်။ ဩဂုတ်ငလျင်မှာ တစ်သောင်းခုနှစ်ထောင်လောက်သေကြေကြပါတယ်။ အစိုးရဟာ ပြည်သူတွေဆီမှာအဆဲခံရ ပါတယ်။ နိုဝင်ဘာမှာတော့ သင်ခန်းစာယူထားတဲ့ အစိုးရက အရေးပေါ်စင်တာတွေဖွင့်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေလုပ်လို့ချီးကျူးခံရပါတယ်။ သေဆုံးသူအရေ အတွက် ဟာ တစ်ထောင်အောက်ကို လျော့ကျသွားတာကို တွေ့ရပါတယ်။

သဘာဝဘေးအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်ရာမှာ နိုင်ငံရေးဆိုတာကို ထည့်သွင်းစဉ်းစားဖို့လိုအပ်ကြောင်းပြောချင်တာဖြစ်ပါတယ်။ ထိုင်ခုံပေါ်ကဆရာ ဘတ်သီးမလင်းရင် ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူး။ ထိုင်ခုံဟာ လှုပ်နေမှဖြစ်မယ့်သဘောပါပဲ။

အမောင်

The Tanintharyi Times