တရုတ်ခြိမ်းခြောက်မှုတွေရှိ‌ပေမယ့် ထိုင်ဝမ်သမ္မတ ရဲ့ အမေရိကန် ခရီးစဥ် စတင်

တရုတ်ခြိမ်းခြောက်မှုတွေရှိ‌ပေမယ့် ထိုင်ဝမ်သမ္မတ ရဲ့ အမေရိကန် ခရီးစဥ် စတင်

Ref: ရိုက်တာ

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် Tsai Ing-wen အနေနဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဌ ကယ်ဗင် မက်ကာသီ Kevin McCarthy နဲ့ သွားရောက်တွေ့ဆုံပါက ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ တရုတ်က ခြိမ်းခြောက်ထားပေမဲ့ ဒီကနေ့ (ဗုဒ္ဓဟူးနေ့) မှာတော့ သူမရဲ့ အမေရိကန် ခရီးစဥ်ကို စတင်လိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘယ်ပြင်ပ ဖိအားတွေကမှ ထိုင်ဝမ်ကို ကမ္ဘာနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှုကနေ ရပ်တန့်စေမှာ မဟုတ်ဘူးလို့ တုံ့ပြန်ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်ပိုင်ပြည်နယ် တစ်ခုသာ ဖြစ်ကြောင်း ပြောဆိုကာ အမေရိကန်အနေနဲ့ ထိုင်ဝမ်ကို သီးခြားနိုင်ငံတစ်ခုအနေနဲ့ ထောက်ခံမှု မပေးဖို့နဲ့ သမ္မတ ဆိုင်အင်ဝမ် ကို သီးသန့်တွေ့ဆုံခြင်း မပြုဖို့ အကြိမ်ကြိမ် တားမြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက အမေရိကန် ‌အောက်လွှတ်တော်အမတ် နန်စီ ပလိုစီ ထိုင်ဝမ်ကို သွားရောက်ခဲ့ပြီးတဲ့နောက် တရုတ်က ထိုင်ဝမ်နယ်စပ်မှာ စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်ဝမ်စစ်တပ်အနေနဲ့လည်း သမ္မတ ရဲ့ နိုင်ငံခြားခရီးစဥ်အတွင်း တရုတ်ရဲ့လှုပ်ရှားမှု မှန်သမျှ စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆိုင်အင်ဝမ်ဟာ New York ကို ပထမဆုံး သွားမှာဖြစ်ပြီး အဲဒီ့ကနေမှ Guatemala နဲ့ Belize တို့ကို ခရီးဆက်ကာ အပြန်မှာ Los Angeles ကို ဝင်ဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တရားဝင် အတည်မပြုရသေးပေမဲ့ သူမအနေနဲ့ California မှာ ကယ်ဗင် မက်ကာသီ ရဲ့ တွေ့ဆုံမယ်လို့ ခန့်မှန်းရပါတယ်။

“ပြည်ပ ဖိအားတွေက ကမ္ဘာကြီးနဲ့ ကျွန်မတို့ကို ဝေးကွာအောင် စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး” လို့ ထိုင်ဝမ် အပြည်ပြည်ဆိုင်ရာ လေဆိပ် Taoyuan မှာ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကို ရည်ညွှန်းကာ သူမက တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

“ကျွန်မတို့ လုံးဝ အလျှော့ပေးမှာ မဟုတ်ပါဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖို့ ယုံကြည်ချက်လည်း ရှိပါတယ်။ ထိုင်ဝမ်က ဒီမိုကရေစီနဲ့ လွတ်လပ်ရေး လမ်းမကြီးပေါ်မှာ မယိမ်းမယိုင် လျှောက်လှမ်းနေတာပါ။ ဒီခရီးလမ်းက ကြမ်းတမ်းကောင်း ကြမ်းတမ်းနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ထိုင်ဝမ်က အထီးကျန်ဆန်၊ အဖော်မဲ့ နေတဲ့ နိုင်ငံတစ်နိုင်ငံ မဟုတ်ပါဘူး” လို့ သူမက ဆိုပါတယ်။

တရုတ်ရဲ့ ထိုင်ဝမ်အရေး ပြောရေးဆိုခွင့်ရှိသူ Zhu Fenglian က “တကယ်လို့သာ သူမအနေနဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဌ မက်ကာသီနဲ့ တွေ့ဆုံမယ်ဆိုရင် ဒါဟာ တရုတ်ရဲ့ တစ်ပြည်ထောင် မူဝါဒကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာ ဖြစ်သလို တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ထိပါးစော်ကားပြီး ထိုင်ဝမ်ရေလက်ကြားရဲ့ တည်ငြိမ်အေးချမ်းမှုကို ဖျက်စီးတဲ့ ရန်စမှုပဲ ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်မတို့အနေနဲ့ ဒီကိစ္စကို ထိထိ‌ရောက်ရောက် ကိုင်တွယ်အ‌ရေးယူကာ လက်တုံ့ပြန်သွားမယ်” လို့ သူမက ဆိုပါတယ်။

အမေရိကန်ကတော့ ထိုင်ဝမ်သမ္မတတွေရဲ့ အဆိုပါ ကမ္ဘာလှည့် ခရီးစဥ် မျိုးကို သာမန်အနေနဲ့ပဲ မြင်သင့်ပြီး အခုခရီးစဥ်ကို လွန်လွန်ကဲကဲ တုံ့ပြန်စရာ တစ်ခုမဟုတ်တာကြောင့် ရန်လိုတဲ့ လှုပ်ရှားမှုတွေအတွက် အသုံးမချသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

The Tanintharyi Times