ကရင်နီပြည် ပြန်လည်ထူထောင်ရေး အတွက် အမေရိကန်ဒေါ်လာ ၇ သန်းကျော် လိုအပ်
ကရင်နီပြည် ပြန်လည်ထူထောင်ရေး အတွက် အမေရိကန်ဒေါ်လာ ၇ သန်းကျော် လိုအပ်

စစ်ဘေးနဲ့ ရေကြီးရေလျှံမှုဘေးတွေပါ ကြုံတွေ့နေရတဲ့ ကရင်နီပြည်နယ်မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၇ သန်းကျော် လိုအပ်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ဒီကနေ့ ထုတ်ပြန်ပါတယ်။
IEC လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက ကောက်ယူရရှိထားတဲ့စာရင်းအရ စစ်ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်ခံစားနေရတဲ့ ကရင်နီရှိ စစ်ရှောင် ပြည်သူ ၁၅၀,၀၀၀ ကျော်အတွက် တစ်လတာ စားနပ်ရိက္ခာ လိုအပ်ချက်ဟာ အမေရိကန်ဒေါ်လာ ၃ သန်းအထိ ရှိနေပါတယ်။
သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အိမ်ရာပေါင်း ၂၀၀၀ နီးပါး ရှိနေပြီး ယင်းနေအိမ်တွေကို ပြန်လည်ထူထောင်ရေး အမေရိကန်ဒေါ်လာ ၈ သိန်းနီးပါး လိုအပ်နေသလို အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ အဆိုပါ အိမ်ထောင်စု ၂၀၀၀ က မိသားစုဝင်တွေအတွက် အိမ်အသုံးအဆောင်ပံ့ပိုးမှု ကဏ္ဍမှာ ဒေါ်လာ ၄၀,၀၀၀ လောက် လိုအပ်နေပါတယ်။
ကရင်နီမှာ ပြီးခဲ့တဲ့လတွေက ရေကြီးရေလျှံမှုကြောင့် ရေလွှမ်းမိုးပြီး ပျက်စီးသွားတဲ့ စိုက်ပျိုးလယ်မြေ ဧက ၁၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။
ယင်းလယ်ယာမြေတွေကို ပြန်လည်ကုစားဖို့အတွက် အမေရိကန်ဒေါ်လာ ၄ သန်းနီးပါး လိုအပ်နေတာ ဖြစ်တယ်လို့ IEC က ထုတ်ပြန်ထားတာပါ။
စက်တင်ဘာလ အစောပိုင်းက ယာဂီမုန်တိုင်းအရှိန်ကြောင့် ကရင်နီရှိ လွိုင်ကော်၊ ဖယ်ခုံ၊ ဒီးမော့ဆို (အရှေ့)၊ နန်းဖယ်ခုံ၊ ဒီးဘောင်းခူ၊ ဟိုယာ၊ မယ်စဲ့၊ ဆိုမို (ရှားတော)၊ ဘော်လခဲ၊ ဖားဆောင်း၊ ဖွံဘော်ခွတ် စတဲ့ နေရာတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့တာပါ။
ယင်းမြို့နယ်တွေမှာ နေထိုင်တဲ့ စစ်ရှောင်စခန်း ၁၆ ခုက ပြည်သူတွေနဲ့ ကျေးရွာ ၅၄ ရွာရှိ ဒေသခံတွေဟာ ရေကြီးမှု ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
လွိုင်ကော်မှာ လူဦးရေ ၁၆,၃၈၂ ဦး ၊ ဖယ်ခုံမှာ လူဦးရေ ၆၅၅၁ ဦး အထိ သဘာဝဘေးဒဏ်ခံစားခဲ့ရပြီး ရေဘေးကြောင့် ကရင်နီက ပြည်သူ ၂၅ ဦးအထိ သေဆုံးခဲ့ရပါတယ်။
ဖယ်ခုံမြို့နယ်မှာ အိမ်ခြေပေါင်း ၈၀၀ ကျော်အထိ ပျက်စီးခဲ့ရသလို လယ်ဧက ၄,၀၀၀ ကျော် ပျက်စီးသွားခဲ့ရပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အနေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ထိခိုက်ပျက်စီးမှုဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ၊ အရေးပေါ်တုံ့ပြန်ဖြေရှင်းနိုင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာ ရှိတယ်လို့လည်း ပြောပါတယ်။
တဖက်မှာ စစ်ကောင်စီဟာ ကရင်နီပြည်ကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ထိန်းချုပ်တာ၊ ကူညီတဲ့ အဖွဲ့အစည်းတွေကို ကန့်သတ်တာ၊ ကုန်စည်စီးဆင်းမှုကို တားမြစ်ထိန်းချုပ်တာတွေ လုပ်ဆောင်နေတယ်လို့ IEC ဘက်က ဆိုပါတယ်။
ဒါကြောင့် ကရင်နီရှိ စစ်ရှောင်ပြည်သူတွေနဲ့ ရေဘေးသင့်ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲစိန်ခေါ်ချက်တွေကို နိုင်ငံတကာက သိရှိပြီး ပြည်သူလူထုရဲ့ နစ်နာဆုံးရှုံးမှုတွေကို ပြန်လည်ကုစားထူထောင်ရေး လုပ်ငန်းတွေမှာ ကူညီပံ့ပိုးပေးကြဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က တိုက်တွန်းတောင်းဆိုထားပါတယ်။
The Tanintharyi Times