ထားဝယ်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်မယ့်သူတွေကို အရေးယူမယ်လို့ DDT တပ်ဖွဲ့ဆို

ထားဝယ်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်မယ့်သူတွေကို အရေးယူမယ်လို့ DDT တပ်ဖွဲ့ဆို

ပုံစာ - Dawei Defense Team (DDT) တပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်တွေ​။

ထားဝယ်မြို့နယ်အတွင်း သန်းခေါင်စာရင်း‌‌ကောက်ပေးမယ့် စစ်ကောင်စီထောက်တိုင်တွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ ထားဝယ်ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Dawei Defense Team(DDT) တပ်ဖွဲ့ ကဆိုပါတယ်။

စစ်ကောင်စီဟာ လာမယ့်အောက်တိုဘာလ ၁ ရက်နေ့ကစလို့ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ခံမယ်လို့ ကြေညာထားတာပါ။

အဲဒီအတွက် Non CDM ဝန်ထမ်းတွေကိုခေါ်ယူပြီး စာရင်းကောက်၊ စာရင်းစစ် ရက်တိုသင်တန်းပေးတာတွေကိုလည်း သူတို့ထိန်းချုပ်ထားတဲ့ မြို့ပေါ်နေရာအများစုမှာ လုပ်ဆောင်နေပါတယ်။

ထားဝယ်ဒေသအခြေစိုက် Dawei Defense Team(DDT) တပ်ဖွဲ့ကတော့ စစ်ကောင်စီတပ်က ကျင်းပမယ့် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူပေးမယ့် စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို အရေးယူသွားမယ်လို့ မနေ့က ထုတ်ပြန်လာတာပါ။

“လက်နက်နဲ့လာရင် လက်နက်နဲ့ခြေမှုန်းမယ်။ သွားလာလှုပ်ရှားနေတာတွေကိုလည်း ကြားဖြတ်တိုက်ခိုက်တာတွေလုပ်ဆောင်မှာပါ။ ကျနော်တို့စိုးမိုးနယ်မြေတွေကိုတော့ လာလို့မရဘူး။ သူတို့ထိန်းချုပ်ထားတဲ့မြို့ပေါ်မှာတောင် ကျနော်တို့လုပ်ဆောင်လို့ရတာတွေရှိပါတယ်” လို့ DDTတပ်ဖွဲ့ရဲ့တာဝန်ခံ ကိုရေလှိုင်းကပြောပါတယ်။

လက်နက်ကိုင်မဟုတ်တဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေဆိုရင်တော့ ခေါ်ယူစစ်ဆေးပြီး ဖမ်းဆီးတာနဲ့ သက်ဆိုင်ရာအဖွဲ့တွေကိုပို့ဆောင်ပြီး အရေးယူတာတွေလုပ်‌ဆောင်မယ်လို့ ကိုရေလှိုင်းကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမယ်လို့ ကြေညာထားပေမဲ့ တနင်္သာရီတိုင်းအတွင်းမှာတော့ မြို့ပေါ်ရပ်ကွက်တွေမှာပဲကောက်ယူနိုင်မယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

“မြို့ပေါ်မှာတောင် သူတို့လွတ်လွတ်လပ်လပ်လုပ်နိုင်မှာမဟုတ်ဘူး။ လောင်းလုံးတို့ သရက်ချောင်းတို့ဆိုရင် မြို့အပြည့်ကောက်နိုင်ဖို့တောင်မလွယ်ပါဘူး” ကို ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

DDTတပ်ဖွဲ့ရဲ့တာဝန်ခံ ကိုရေလှိုင်းကလည်း မြို့ပေါ်တွေမှာလည်း စစ်ရေးအရ ကြားဖြတ်တိုက်ခိုက်တာတွေ အလစ်ချောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်လို့ရတယ်လို့ တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။

အခုလအတွင်း ထားဝယ်မြို့ပေါ်ရပ်ကွက်တွေမှာလည်း အိမ်ရှေ့တွေမှာ အိမ်ရှိလူဦးရေစားရင်းတွေကပ်ထားဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် ညွှန်ကြားတာတွေကို စစ်ကောင်စီကလုပ်ဆောင်ခဲ့ပါတယ်။

ရန်ကုန်အခြေစိုက် လူထုသပိတ်အစုအဖွဲ့ တွေကတော့ သန်းခေါင်စာရင်းကရရှိနိုင်တဲ့ ပြည်သူလူထုရဲ့ ကိုယ်ရေး အချက်အလက်တွေကို စစ်ကောင်စီရဲ့ အာဏာတည်မြဲရေး၊ စစ်အနိုင်ရရေးနဲ့ လူထုရဲ့ တော်လှန်အုံကြွမှုတွေကို ဖိနှိပ်ရေးအတွက်သာ အသုံးချမှာဖြစ်လို့ သူတို့ရဲ့ လုပ်ငန်းစဥ်ပျက်ပြားအောင်လုပ်ကြဖို့နဲ့ မလွှဲမရှောင်သာဖြေဆိုရရင် အချက်အလက်တွေ လွဲမှားဖြေဆိုကြဖို့ တိုက်တွန်ထားပါတယ်။

The Tanintharyi Times