မလေးရှားကို အောက်လမ်းကသွားတဲ့ မြန်မာ ၉၅ ဦး ထိုင်းမှာ ဖမ်းခံရ

မလေးရှားကို အောက်လမ်းကသွားတဲ့ မြန်မာ ၉၅ ဦး ထိုင်းမှာ ဖမ်းခံရ

မလေးရှားနိုင်ငံမှာ အလုပ်အကိုင်ရဖို့ ပွဲစားတွေကိုငွေပေးပြီး အောက်လမ်းက သွားတဲ့ မြန်မာ ၉၅ ဦးကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနဲ့ ထိုင်းရဲက ဗုဒ္ဓဟူးနေ့ မနက်မှာ ဖမ်းလိုက်ပါတယ်။

ထိုင်းရဲနဲ့ စစ်သားတွေ ပါဝင်တဲ့ ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဟာ မြန်မာ ၉၅ ဦးနဲ့ ထိုင်းလူမျိုး ယာဉ်မောင်း နှစ်ဦးတို့ကို ထိုင်းအနောက်ခြမ်း ကန်ချနာဘူရီပြည်နယ်ထဲက မတူညီတဲ့ နေရာသုံးခုမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ကန်ချနာဘူရီပြည်နယ်၊ သောင်ဖာဖွန်ခရိုင်ထဲက အမှတ် ၃၂၇၂ အဝေးပြေးလမ်း စစ်ဆေးရေးဂိတ်မှာ ဒီနေ့မနက် သုံးနာရီဝန်းကျင်က ထရပ်ကား နှစ်စီးကို စစ်ဆေးစဉ် ကားနောက်ခန်းတွေထဲမှာ ခိုးဝှက်သယ်ဆောင်လာတဲ့ မြန်မာ ၃၉ ဦးကို ဖမ်းမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ကန်ချနာဘူရီ ပြည်နယ်ထဲက အခြားတစ်နေရာမှာ နယ်စပ်ဖြတ်ကျော် ဝင်လာတဲ့ မြန်မာ ၄၃ ဦးကို ပီလောပီနံ စိုက်ခင်းနံဘေးမှာ နားနေစဉ် ထိုင်းရဲက တွေ့ရှိဖမ်းဆီးခဲ့ပြီး ဒီနေ့မနက် ၈ နာရီခန့်မှာတော့ တောတွင်းတစ်နေရာမှာ ပုန်းနေတဲ့ မြန်မာ ၁၃ ဦးကို ထပ်မံ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းမိတဲ့ မြန်မာတွေကို ထိုင်းရဲက စစ်မေးတဲ့အခါ သူတို့ဟာ ထိုင်းနိုင်ငံကို ကုန်းလမ်းကနေ ဖြတ်ကျော်ပြီး မလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်ကြမှာ ဖြစ်ကြောင်းနဲ့ ပွဲစားခအဖြစ် တစ်ဦးကို ဘတ်ခြောက်သောင်းစီ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာ ၉၅ ဦးကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနဲ့ အရေးယူဖို့ ရဲစခန်းကို လွှဲအပ်ခဲ့တယ်လို့ ထိုင်းရဲက ဆိုပြီး မြန်မာတွေနဲ့အတူ ဖမ်းမိတဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်းနှစ်ဦးကိုလည်း အားပေးကူညီမှုနဲ့ အရေးယူမယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ နေရာအနှံ့နဲ့ မလေးရှားနိုင်ငံတို့မှာ အလုပ်လုပ်ဖို့အတွက် အောက်လမ်းကသွားတဲ့ မြန်မာတွေဟာ နေ့စဉ် ရာထောင်ချီရှိတယ်လို့ နယ်စပ်အခြေအနေတွေကို လေ့လာသူအချို့က ဆိုထားပြီး ထိုင်းနိုင်ငံတွင်း ဝင်ရောက်စဉ် ဖမ်းဆီးခံရတာတွေလည်း မကြာခဏ ရှိနေပါတယ်။

အဲဒီအပြင် ထိုင်းယာဉ်မောင်းတွေက စစ်ဆေးရေးအဖွဲ့တွေကို ရှောင်နိုင်ဖို့ မဆင်မခြင် မောင်းနှင်ကြတာကြောင့် ယာဉ်မတော်တဆမှုတွေ ဖြစ်ပြီး လမ်းခရီးမှာ ထိခိုက်သေဆုံးရတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေလည်း အများအပြား ရှိနေပါတယ်။

ကိုးကား – ဘန်ကောက်ပိုစ့်

The Tanintharyi Times