ကရင်ပြည်နယ်ရှိ စစ်ကောင်စီ တပ်စခန်းနှစ်ခုကို KNLA သိမ်းပိုက်
ကရင်ပြည်နယ်ရှိ စစ်ကောင်စီ တပ်စခန်းနှစ်ခုကို KNLA သိမ်းပိုက်
ကရင်ပြည်နယ် အတွင်းမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းနှစ်ခုကို KNLA ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
ကျိုက်ဒုံမြို့နယ်ခွဲ အတွင်း တည်ရှိတဲ့ စစ်ကောင်စီ အဇင်းစခန်းအား စက်တင်ဘာလ ၂၇ ရက်နေ့ညက တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီး၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင်း တည်ရှိတဲ့ စစ်ကောင်စီ ဘုရားတောင် စခန်းကိုတော့ ဒီကနေ့ မနက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။
ဘုရားတောင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦးသေဆုံးပြီး လက်နက် ၁၃ လက်ရရှိတယ်လို့ KNU သတင်းရင်းမြစ်က ခေတ်သစ် သတင်းဌာနကို ပြောထားပါတယ်။
သိမ်းဆည်းရမိတဲ့ လက်နက်တွေက စက်လက်နက်တွေ၊ MA သေနတ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဟာ နာရီဝက်သာ ကြာမြင့်ပြီး နံနက် ၅ နာရီခွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့တာ နံနက် ၆ နာရီမှာ စခန်းတစ်ခုလုံးကို သိမ်းဆည်းလိုက်ကြောင်း၊ နံနက် ၁၀ နာရီခွဲမှာ နယ်မြေရှင်းလင်းရေး ပြီးဆုံးခဲ့တယ်လို့ ခေတ်သစ်ကရေးသားထားပါတယ်။
The Tanintharyi Times
