PDF တွေကို ထောက်ပံ့တယ်ဆိုပြီး ကံပေါက်ဒေသက ဆယ်ကျော်သက်လူငယ်တစ်ဦးအပါအဝင် အမျိုးသားသုံးဦးကို ဖမ်းဆီး

PDF တွေကို ထောက်ပံ့တယ်ဆိုပြီး ကံပေါက်ဒေသက ဆယ်ကျော်သက်လူငယ်တစ်ဦးအပါအဝင် အမျိုးသားသုံးဦးကို ဖမ်းဆီး

Photo- ပုံဟောင်းဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ဆယ်ကျော်သက် လူငယ်တစ်ဦးအပါအဝင် အမျိုးသားသုံးဦး အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကံပေါက်ဒေသ၊ ဇာဒီရွာနေ အသက် (၂၅) ဝန်းကျင်ရှိ ကိုအောင်သက်နိုင်နဲ့ အမည်မသိ အမျိုးသားတစ်ဦးကို မနေ့က နေ့လည် ၁၂ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။

နှစ်ဦးထဲက တစ်ဦးကို ဒီကနေ့ပြန်လွှတ်ခဲ့ပေမဲ့ ကိုအောင်သက်နိုင်ကတော့ အဖမ်းခံထားရဆဲဖြစ်တယ်လို့ သိရပါတယ်။

အခုလ၂၆ ရက် ညနေပိုင်းကလည်း ကျောက်ထရံရွာနေ အသက် (၁၅) နှစ်အရွယ်လူငယ်တစ်ဦး အဖမ်းခံခဲ့ရပြီး အခုချိန်ထိ အဆက်သွယ်မရသေးဘူးလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇာဒီရွာမှာ ပြီးခဲ့တဲ့နှစ်ရက်အတွင်း လမ်းသွားလမ်းလာပြည်သူတွေကို ယာဥ်‌မောင်းလိုင်စင်၊ ဆိုင်ကယ်လိုင်စင်၊ ကားလိုင်စင်နဲ့ ဖုန်းပါမကျန် အင်အားအလုံးအရင်းနဲ့ စစ်ဆေးတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

ရေဖြူမြို့နယ်ထဲက ရွာအချို့မှာ လူငယ်တွေကို အဓိကပစ်မှတ်ထားပြီး စစ်တပ်က ဖမ်းဆီးနေတဲ့အတွက် ဒေသခံ လူငယ်တွေ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

The Tanintharyi Times