ဒေါ်အောင်ဆန်းစုကြည် ကို စစ်ခေါင်းဆောင်ရုံးထိုင်တဲ့နေရာအနီးက ကစထ(၆) မှာ ဖမ်းဆီးချုပ်နှောင်ထား
ဒေါ်အောင်ဆန်းစုကြည် ကို စစ်ခေါင်းဆောင်ရုံးထိုင်တဲ့နေရာအနီးက ကစထ(၆) မှာ ဖမ်းဆီးချုပ်နှောင်ထား

နှလုံး နဲ့ သွား ရောဂါဝေဒနာတွေ ခံစားနေရတယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေအဖွဲ့ (MPW)ထုတ်ပြန်
နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရုံးထိုင်တဲ့နေရာ အနီးက အမှတ်(၆) စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ(၆)) မှာ ဖမ်းဆီးချုပ် နှောင်ထား ကြောင်း မြန်မာ့အကျဉ်းထောင်သက်သေအဖွဲ့ (MPW) ကထုတ်ပြန်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက နေပြည်တော်အချုပ်ထောင်နဲ့ (၁၄)မိုင်အကွာ အဝေးမှာရှိတဲ့ စစ်ဆင်ရေးအထူးအဖွဲ့ ရုံးစိုက်နေရာမှာ လုံခြုံရေးတင်းကြပ်စွာနဲ့ မတရားဖမ်းဆီးချုပ်နှောင်ထားတယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေအဖွဲ့ (MPW) က ဇွန်လ ၂၈ ရက်နေ့မှာထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအချိန်မှာ အခြေခံအကျဉ်းသားအခွင့်အရေးဖြစ်တဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်မရရှိပဲ အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့လည်း မြန်မာ့အကျဉ်းထောင်သက်သေအဖွဲ့ (MPW) က ထုတ်ပြန်ထားပါတယ်။
၂၀၂၄ခုနှစ် ဧပြီလလယ်မှာ ပူပြင်းတဲ့ နွေရာသီအပူချိန်ကြောင့်လို့ဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်ထဲကနေ တိတ်တဆိတ်ခေါ်ဆောင်သွားပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရုံးထိုင်တဲ့ နေရာအနီးက ကစထ(၆)မှာ မတရားအကျဉ်းချထားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတဲ့နေရာကို လက်ရှိအချိန်မှာ ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူမှ တာဝန်ယူဦးစီးနေတယ်လို့လည်း MPW ကဆိုပါတယ်။
လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ သွား ၊ နှလုံး နဲ့ အသက်အရွယ်ကြီးသူတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးဝေဒနာများလည်း ခံစားနေရကြောင်း သိရှိထားရပြီး ထိုရောဂါဝေဒနာများအတွက် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ စနစ်တကျ ကုသခွင့်မရရှိပဲ ဆေးမီးတိုနည်းနဲ့ သာ စစ်ကောင်စီခွင့်ပြုထားတဲ့ ဆရာဝန်နဲ့ ဆေးမှူးတွေက ကုသပေးနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မတရားဖမ်းဆီးခံထားရမှာ တာဝန်ခံရမယ့် သူစာရင်းကိုလည်း မြန်မာ့အကျဉ်းထောင်သက်သေအဖွဲ့ (MPW) ကထုတ်ပြန်ထားပါတယ်။
ဒီစာရင်းထဲမှာ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် စိုးဝင်း ၊ ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်(လက်ရှိ အနားပေးခံထားရ)၊ ပြည်ထဲရေးဝန်ကြီးဟောင်း ရာပြည့်(လက်ရှိ နယ်စပ်ရေးရာဝန်ကြီး)၊ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်(လက်ရှိ) ၊ ကစထ(၆)မှူးတွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး ၊ ဒုတိယဗိုလ်ချုပ်ကြီး တေဇာကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဟောင်း ဇော်ဝင်း၊ အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် မျိုးဆွေ(လက်ရှိ) ၊ နေပြည်တော်အချုပ်ထောင် ထောင်ပိုင် ဦးသိန်းဇော်မောင်၊ ဒုထောင်ပိုင် ဦးကျော်သူရ၊ ဦးစီးအရာရှိ ဦးအောင်သန်းမြင့် လက်ထောက်ကြီးကြပ်ရေးမှူး – ကျော်မင်းထိုက် ဦးစီးအရာရှိ – သိင်္ဂီမြင့် လက်ထောက်ကြီးကြပ်ရေးမှူး – မေသူအောင် တို့ပါဝင်တယ်လို့ MPW က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အလားတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲ အကျဉ်းချရာမှာ ဇဗ္ဗူသီရိမြို့နယ်တရားသူ ကြီး ဦးမောင်မောင်လွင်၊ ဒဏ္ခိဏခရိုင်တရားသူကြီး ဦးရဲလွင်၊ မန္တလေးတိုင်းတရားလွှတ်တော်တရားသူကြီး ဦးမြင့်သန်းနဲ့ မန္တလေးတိုင်းဒေသကြီးတရားလွှတ် တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေတို့ဟာ အကြမ်းဖက်စစ်ကောင်စီ၏ အလိုကျ ဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မတရားအမိန့်များဖြင့် စုစုပေါင်း ထောင်ဒဏ်(၃၃)နှစ်ထိအမိန့် ချမှတ်ခဲ့ပြီး ၂၀၂၃ ဩဂုတ်လ(၁)ရက်နေ့ အမှုတချို့ လျော့ပေါ့ပေးခဲ့ပေမယ့် လက်ရှိအချိန်ထိ ထောင်ဒဏ် (၂၇)နှစ်အထိ ချမှတ်ထားပါတယ်။




The Tanintharyi Times