ထိုင်းအစိုးရက ဖမ်းဆီးထားတဲ့ ဟိုတယ်ထားဝယ်ပိုင်ရှင် ဦးထွန်းမင်းလတ်ရဲ့ တော်ဝင်မောတောင် သတ္တုတူးဖော်ရေး အပါအဝင် ကုမ္ပဏီ ၃ ခုဖျက်သိမ်း
ထိုင်းအစိုးရက ဖမ်းဆီးထားတဲ့ ဟိုတယ်ထားဝယ်ပိုင်ရှင် ဦးထွန်းမင်းလတ်ရဲ့ တော်ဝင်မောတောင် သတ္တုတူးဖော်ရေး အပါအဝင် ကုမ္ပဏီ ၃ ခုဖျက်သိမ်း
အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ပွဲစားလို့ လူသိများတဲ့ ဟိုတယ်ထားဝယ်ပိုင်ရှင်ဦးထွန်းမင်းလတ် ပိုင်ဆိုင်တဲ့ လုပ်ငန်းစုကြီး Star Sapphire Group ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကုမ္ပဏီ သုံးခုကို စာရင်းရှင်းလင်းဖျက်သိမ်းတယ်လို့ အခုလထုတ် မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြထားပါတယ်။
ဖျက်သိမ်းတဲ့ ကုမ္ပဏီတွေက တော်ဝင်မောတောင် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက် (Royal Mawtaung Mining Co.,Ltd)၊ ကြယ်နီလာဖီးနစ် ကုမ္ပဏီလီမိတက် (Star Sapphire Phoenix Co.,Ltd)နဲ့ ကြယ်နီလာနဂါး ကုမ္ပဏီလီမိတက် (Star Sapphire Dragon Co.,Ltd)တို့ ဖြစ်ပါတယ်။
ပြန်တမ်းမှာတော့ အစုရှင်တွေရဲ့ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းတာလို့ ဖော်ပြထားပြီး ဘာကြောင့်ဖျက်သိမ်းတယ်ဆိုတာကို ကုမ္ပဏီတွေဘက်က ထုတ်ဖော်ပြောဆိုတာတော့ မတွေ့ရသေးပါဘူး။
အာဏာသိမ်းစစ်တပ်ကို လက်နက်တွေ တင်သွင်းပေးရာမှာ ဦးထွန်းမင်းလတ်နဲ့ ၎င်းရဲ့ Star Sapphire Group လုပ်ငန်းစု ပါဝင်ပတ်သက်နေတဲ့အတွက် အမေရိကန်နိုင်ငံက အခုနှစ် မတ်လမှာ ပိတ်ဆိုအရေးယူမှုတွေ ချမှတ်ထားသလို ပြီးခဲ့တဲ့နှစ် သြဂုတ်လကလည်း ဗြိန်တိန်က ပိတ်ဆိုအရေးယူမှုတွေ လုပ်ခဲ့တာပါ။ ဒါကြောင့် သူရဲ့ လုပ်ငန်းစုနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေ ဒဏ်ခတ်ပိတ်ဆို့မှု ရောက်မလာခင် ကြိုတင်ရှောင်တိမ်းဖို့ ကြိုးပမ်းတာ ဖြစ်နိုင်တယ်လို့ အာဏာသိမ်းစစ်အုပ်စုကို စောင့်ကြည့်နေတဲ့ တက်ကြွလှုပ်ရှားသူတွေက ခန့်မှန်းပြောဆိုထားကြပါတယ်။
မူးယစ်ဆေးဝါး အပါအဝင် ငွေကြေးခဝါချမှုနဲ့ ဦးထွန်းမင်းလတ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်းရဲတပ်ဖွဲ့က မနှစ်က စက်တင်ဘာလမှာ ဖမ်းဆီးခဲ့ပါတယ်။
The Tanintharyi Times
