လောင်းလုံးမှာ နေ့ခင်းကြောင်တောင်ဓားပြတိုက်မှုရှိလာတဲ့အတွက် ဒေသခံတွေစိုးရိမ်

လောင်းလုံးမှာ နေ့ခင်းကြောင်တောင်ဓားပြတိုက်မှုရှိလာတဲ့အတွက် ဒေသခံတွေစိုးရိမ်

LaungLone_Police

လောင်းလုံးမြို့နယ်မှာ တစ်ပတ်အတွင်း ဓားပြတိုက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နေ့ခင်းကြောင်တောင်ဓားပြတိုက်မှုပါရှိလာတဲ့အတွက် ဒေသခံတွေစိုးရိမ်နေကြပါတယ်။

နောက်ထပ်လက်နက်ပြပြီး ဓားပြတိုက်တဲ့ကိစ္စတွေ၊ ရှိလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပြီး အရင်ကထက်အစစရာရာဂရုစိုက်ပြီးနေထိုင်နေကြရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

မေလ ၁၇ရက်နေ့ မနက်၅နာရီလောက်မှာ ထိုင်းထီ ဘတ် ၆ သောင်းဖိုးပေါက်ထားတဲ့ ဝေဒီကျေးရွာကနေအိမ် ဓားပြတိုက်ခံခဲ့ရပြီး ငွေကျပ် သိန်း၅၀ ၊ ရွေထည်တချို့ နဲ့ငွေစုဗူး ၃ဗူး ယူဆောင်သွားခဲ့ကြပါတယ်။

” ဆိုင်ကယ် ၃စီးနဲ့ လူ ၄ ယောက် ဝတ်စုံအမည်းရောင်တွေနဲ့လာကြတာ။ အိမ်ပေါ်မှာ မှာ ၁၀မိနစ်လောက်ကြာတယ်။ ထီပေါက်ထားတဲ့ ငွေတွေကိုတောင်းယူတယ် ” လို့ဝေဒီ ရွာခံအမျိုးသားတစ်ဦးကဆိုပါတယ်။

အဲဲဒီဓားပြအဖွဲ့မှာ ပျူစောထီးလို့နာမည်ကြီးတဲ့ရွာခံတစ်ဦး ပါဝင်လာတယ်လို့ သူကပြောပါတယ်။

နောက် ၇ ရက်အကြာ မေလ ၂၄ရက်နေ့မှာလည်း မင်းရပ်ကျေးရွာက ဒေါ်ညိုထွေးရဲ့နေအိမ်ကို လက်နက်ကိုင်လူနှစ်ယောက်က နေခင်းကြောင်တောင် ဆိုင်ကယ်နဲ့ရောက်လာပြီး ပိုက်ဆံ သိန်းကျပ် ၇၀ ကျော်ကိုဓားပြတိုက်ယူသွားခဲ့ပါတယ်။

“မိုးကာအကျီ၊ဆိုင်ကယ်ဦးထုပ်နဲ့လူနှစ်ယောက်တဲ့။ လည်ပင်းကိုသေနတ်နဲ့တေ့ပြီး ပိုက်ဆံတောင်းတယ်။ မပေးရင် ကလေးတွေကိုပစ်သတ်မယ်လို့လည်းပြောတယ်တဲ့။ ကလေးတွေက ၅နှစ်အရွယ် ၁၀နှစ်အရွယ်လေးတွေ” လို့ မင်းရပ်ရွာခံတစ်ဦးကပြောပါတယ်။

ဒါ့အပြင် သတင်းပေါက်ကြားရင်သတ်ပစ်မယ်ဆိုပြီးခြိမ်းခြောက်တာအပြင် ကမ်းနားစျေးမှာ မနက်ကငါတို့လုပ်ခဲ့တာ အဲလိုသေချင်လို့လားဆိုပြီးပြောဆိုသွားခဲ့တယ်လို့ ရွာခံကဆက်ပြောပြပါတယ်။

အဲဒီနေ့ မနက်ပိုင်းမှာ ထားဝယ်ကမ်းနားစျေးက စျေးသည်အမျိုးသမီးတစ်ဦးသေနတ်ပစ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့ပါတယ်။

လောင်းလုံးမြို့နယ်က ဓားပြအတိုက်ခံရတဲ့နေအိမ်တွေကို အခုချိန်ထိ ရဲတပ်ဖွဲ့ကလာရောက်စစ်ဆေးတာ၊ မေးမြန်းတာတွေမပြုလုပ်ခဲ့ကြဘူးလို့လည်းသိရပါတယ်။

“နေခင်းကြောင်တောင် သေနတ်တွေနဲ့ မင်းမဲ့စရိုက်ဆန်ဆန်ဓားပြတိုက်တာတောင် လာမစစ်ဆေးဘူးဆိုတော့ တော်တော်စဥ်းစားစရာဖြစ်နေတယ်။ ပူးပေါင်းပြီးလုပ်နေတာလားတောင်ထင်မိတယ်။ ပြည်သူတွေကတော့ တစ်ပူပေါ်တစ်ပူဆင့်ပါပဲ” လို့လောင်းလုံးမြို့ခံတစ်ဦးကပြောပါတယ်။

ဖြစ်စဥ်နှစ်ခုစလုံးမှာ သူတို့ပြောဆိုသွားတဲ့စကားတွေနဲ့အပြုအမူတွေကြောင့် ပျူစောထီးအဖွဲ့ရဲ့လက်ချက်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက မှတ်ချက်ပြုနေကြပါတယ်။

The Tanintharyi Times