ထားဝယ်က ဟားလီးကွေ့စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ဦးအရှင်ဖမ်းမိ
ထားဝယ်က ဟားလီးကွေ့စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ဦးအရှင်ဖမ်းမိ

ရန်ကုန်-ထားဝယ်ကားလမ်းပေါ်၊ မောင်မယ်မယ်ရှောင်ရွာအနီးက ဟားလီးကွေ့ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ KNU တပ်မဟာ ၄ ဆီက သိရပါတယ်။
ထားဝယ်မြို့နဲ့ ၇ မိုင်လောက်ပဲဝေးတဲ့ ကားလမ်းမဘေးက ဟားလီးကွေ့စစ်ကောင်စီစခန်းကို KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ မနေ့က မနက်စောစောပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာတော့ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီစခန်းက တပ်သားဆယ်ဦးဝန်းကျင်သေဆုံးပြီး ၁၅ ဦးကိုတော့ အရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေကဆိုပါတယ်။
“စစ်သား ၁၅ ယောက်က လက်နက်ချတာပါ။ စခန်းမှာက အယောက် ၃၀ လောက်ရှိတယ်” လို့ KNU တပ်မဟာ ၄ ရဲ့မြိတ်-ထားဝယ်ခရိုင်ရဲ့အတွင်းရေးမှူး ပဒိုအယ်နားကပြောပါတယ်။
စခန်းကနေ စိန်ပြောင်းတစ်လက်၊ သေနတ် ၁၈ လက်၊ ကျည်ဆံနဲ့ ခဲယမ်းအများအပြားကို သိမ်းမိခဲ့တယ်လို့ KNU တပ်မဟာ ၄ ဘက်က ထုတ်ပြန်ထားပါတယ်။
စခန်းသိမ်းပြီးနောက် မနေ့ကညနေပိုင်းမှာတော့ အဆောက်အအုံတွေကို မီးရှို့ပြီးပြည်လည်ဆုတ်ခွာလာတယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ရဲဘော်ကဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ တိုက်ပွဲပြင်းထန်နေတဲ့ မနေ့ကမနက်ပိုင်းမှာ မောင်မယ်ရှောင်ရွာနဲ့ ဟားလီးကွေ့စခန်းတစ်ဝိုက်ကို လေယာဥ်နဲ့ နှစ်ကြိမ်ဗုံးကြဲခဲ့သလို သပြေချောင်းရွာအခြေစိုက် တပ်ရင်းတွေကလည်း တစ်နေကုန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လေကြောင်းကဗုံးကြဲတာနဲ့ စစ်ကောင်စီရဲ့လက်နက်ကြီးတွေကြောင့် မောင်မယ်ရှောင်ရွာထဲက နေအိမ်သုံးဆောင်ထိခိုက်ပျက်စီးခဲ့ပြီး နှစ်ဆောင်မီးလောင်ခဲ့တယ်လို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ဟားလီးကွေ့စခန်းနဲ့ နှစ်မိုင်ခန့်အကွာမှာ ဇဟာရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ (၃၀၂) စခန်းရှိပေမဲ့ တစ်နေကုန်စစ်ကူလာရောက်နိုင်တာမရှိဘူးလို့လည်း ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဆိုပါတယ်။
အဲဒီစခန်းကို KNU တပ်မဟာ ၄ တပ်ရင်း ၁၂ (တပ်ခွဲ ၅)၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် TPLF နဲ့ ရေဖြူ-ပကဖ တို့ပူးပေါင်းသိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ KNU ဘက်ကထုတ်ပြန်ထားပါတယ်။
ဟားလီးကွေ့စခန်းဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကကစလို့ နေအိမ်တွေကိုအထိုင်ချပြီး ဘန်ကာတွေ၊ ဆက်သွယ်ရေးမြောင်းတွေနဲ့ တပ်စွဲထားတဲ့စခန်း ဖြစ်ပါတယ်။
တပ်စွဲပြီးနောက် ရန်ကုန်-ထားဝယ်ကားလမ်းပေါ်က မော်တော်ယာဥ်တွေဆီမှာ ငွေညှစ်နေတဲ့နေရာလည်း ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ကဆိုပါတယ်။
ဟားလီးကွေ့စခန်းဟာ ထားဝယ်မြို့နယ်မှာ တစ်ပတ်ကျော်အတွင်း KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဒုတိယမြောက်သိမ်းနိုင်ခဲ့တဲ့ စစ်ကောင်စီစခန်းလည်းဖြစ်ပါတယ်။
အခုလ ၁၉ ရက်နေ့ကလည်း ထီးခီးနယ်စပ်အနီးက ထီးထဗျူဟာတပ်စခန်းကို KNLA နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီး စခန်းမှာရှိတဲ့ ဗျူဟာမှူးအပါဝင် စစ်ကောင်စီတပ်သားရာနဲ့ချီသေဆုံးခဲ့ပါတယ်။
အခုလအတွင်းမှာ ထားဝယ်မြို့နယ်မှာ စခန်းသိမ်းတိုက်ပွဲတွေရှိနေတဲ့အပြင် သရက်ချောင်းနဲ့ ရေဖြူမြို့နယ်တွေမှာလည်း သင်္ကြန်ကာလကစလို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်ရေးတင်းမာနေပါတယ်။
စစ်ကောင်စီဘက်ကလည်း ထားဝယ်ခရိုင်အတွင်းမှာ နေ့တိုင်းနီးပါး လေကြောင်းကဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေပြီး စစ်ကောင်စီတပ်သား၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို လေကြောင်းကနေ တပ်စခန်းတွေဆီကိုပေးပို့ပြီး အင်အားဖြည့်နေပါတယ်။
The Tanintharyi Times
ပုံစာ – စခန်းသိမ်းတိုက်ပွဲက တော်လှန်ရေးရဲဘော်တွေနဲ့ ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေ။
The Tanintharyi Times