စစ်ရေးတင်းမာနေတဲ့ ထားဝယ်အရှေ့တောနယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးကို အဓိကအသုံးပြုပစ်ခတ်နေ

စစ်ရေးတင်းမာနေတဲ့ ထားဝယ်အရှေ့တောနယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးကို အဓိကအသုံးပြုပစ်ခတ်နေ

စစ်ရေးအခြေအနေတင်းမာနေတဲ့ ထားဝယ်အရှေ့တောနယ်က ထားဝယ်-ထီးခီးလမ်းနဲ့ ဆက်စပ်လမ်းတွေမှာ စစ်ကောင်စီတပ်တွေ လက်နက်ကြီးတွေကိုအဓိကအသုံးပြုပြီး အဝေးက ရမ်းသမ်း ပစ်ခတ်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဧပြီလ ၂၅ ရက်ညက ပကာရီရွာဘက်ကို လက်နက်ကြီး ၁၀ ချက်ဝန်းကျင်ပစ်ခတ်ခဲ့ပြီး ဧပြီလ ၂၆ ရက်မှာလည်း ကျောက်မဲတောင်ရွာကနေ ၂၅ မိုင်တောင်ကုန်းဘက်ကို လက်နက်ကြီး ၆ ချက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဧပြီလ ၂၇ ရက် ညနေပိုင်းမှာလည်း မေတ္တာမြို့အနီးလက်နက်ကြီးအသံတွေကြားခဲ့ရပြီး အဲဒီနေ့ညမှာပဲ ရေဝိုင်းရွာနဲ့ ပကာရီရွာအနီးမှာ လက်နက်ကြီးပေါက်ကွဲသံတွေကြားခဲ့ရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဘယ်နေရာကနေပစ်ခတ်တယ်ဆိုတာမသိပေမယ့် ရွာတွေဘက်ကိုရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
“သူတို့ဆီကို PDF တွေအနီးကပ်ဝင်မလာနိုင်အောင်ခြောက်ပစ်တာလို့ထင်တယ်။ နောက်တစ်ချက်က သူတို့ကိုယ်တိုင်လည်းမတက်လာရဲလို့ အဝေးကနေပဲလှမ်းပစ်နေတာ” လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဧပြီလ ၂၄ ရက်က ထားဝယ်မြို့နဲ့ ၁၀ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ ပကာရီရွာက ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဝင်ရောက်စီးနင်းပြီးမီးရှို့ဖျက်သိမ်းခဲ့ပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာနေခဲ့တာဖြစ်ပါတယ်