အိန္ဒိယအစိုးရက မြန်မာစစ်တပ်ဆီကို စစ်ဘက်သုံးပစ္စည်းတွေ ရောင်းချပေးနေကြောင်း JFM ဖော်ထုတ်
အိန္ဒိယအစိုးရက မြန်မာစစ်တပ်ဆီကို စစ်ဘက်သုံးပစ္စည်းတွေ ရောင်းချပေးနေကြောင်း JFM ဖော်ထုတ်
အိန္ဒိယအစိုးရပိုင် လုပ်ငန်းကြီး Public sector undertakings PSUs တွေဟာ စစ်ကောင်စီရဲ့ လေတပ်နဲ့ ရေတပ်အတွက် စက်ပစ္စည်းနဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို တရားမဝင်ရောင်းချပေးခဲ့တယ်လို့ Justice for Myanmar က ဖော်ထုတ်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက အိန္ဒိယလေတပ်ဟာ မြန်မာလေတပ်ဆီကို ကုန်ပစ္စည်းအမျိုးပေါင်း ၅၂ မျိုး ပေးပို့ခဲ့ပြီး အလိုအလျောက်တိုင်းတာနိုင်တဲ့ မိုးလေဝသအထိုင်စက် AWS တခု (သို့မဟုတ်) အများအပြား ဖြစ်ပုံရတယ်လို့ JFM က ပြောဆိုထားပါတယ်။
မိုးလေဝသအထိုင်စက် AWS က ရရှိတဲ့ အချက်အလက်တွေဟာ လေကြောင်းတိုက်ခိုက်မှုအတွက် အချိန်တွက်ဆမှု၊ အသုံးပြုရမယ့် ယာဉ်အမျိုးအစားနဲ့ လက်နက်အမျိုးအစား ရွေးချယ်မှုအတွက် ဆုံးဖြတ်ပေးနိုင်တဲ့ စက်တွေဖြစ်ပါတယ်။
၂၀၂၃ ဒီဇင်ဘာကလည်း မိုးလေဝသဆိုင်ရာ စက်ပစ္စည်းတွေ တပ်ဆင်ဖို့အတွက် မြန်မာကို အိန္ဒိယလေတပ်က စစ်သည် ၁၅ ဦး လာရောက်ခဲ့တယ်လို့လည်း JFM ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းကာလ စစ်ကောင်စီနဲ့ စစ်ဘက်သုံးပစ္စည်း၊ နည်းပညာ၊ လောင်စာဆီ ရောင်းချထားသူတွေနဲ့ စစ်ကောင်စီနဲ့ စီးပွားရေး လုပ်ဆောင်ဖို့ ကြိုးစားသူ Public sector undertaking PSU ၁၀ခုကို JFM က ဖော်ထုတ်ထားပြီး ယင်း ၁၀ ခုထဲမှာ အများစုဟာ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က လုပ်ငန်းတွေ ဖြစ်ပါတယ်။
အိန္ဒိယကာကွယ်ရေးဆိုင်ရာ PSU တခုဖြစ်တဲ့ Hindustan Aeronautics Limited HAL ကလည်း မြန်မာကို သူတို့ရဲ့ ဖောက်သည်နိုင်ငံစာရင်း အဖြစ် ဖော်ပြထားပြီး စစ်ကောင်စီထံ MiG-29 တိုက်လေယာဉ် အပိုပစ္စည်းတွေကို တင်ပို့ထားပေမယ့် နောက်ဆုံးတင်ပို့ခဲ့တဲ့ရက်ကိုတော့ အတည်မပြုနိုင်ခဲ့ဘူးလို့ Justice for Myanmar ဘက်က ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာတော့ MiG-29 တိုက်လေယာဉ်ကို အသုံးပြုနေတယ်လို့လည်း JFM က ပြောဆိုပါတယ်။
“မြန်မာစစ်တပ်ထံ စစ်ဘက်သုံးပစ္စည်းတွေ ထောက်ပံ့ကူညီနေခြင်းဟာ အိန္ဒိယအနေနဲ့ မြန်မာပြည်သူအပေါ် တိုက်ခိုက်မှုတွေကို တိုက်ရိုက်ပံ့ပိုးကူညီနေတာဖြစ်ပြီး အဲဒီလို ကူညီနေမှုက သူတို့ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အိန္ဒိယကို ကြံရာပါ ပတ်သက်စေမှာ ဖြစ်တယ်” လို့ Justice For Myanmar ပြောခွင့်ရ မရတနာမောင်က ပြောပါတယ်။
နောက်ထပ် အိန္ဒိယ PSU တခုဖြစ်တဲ့ Bharat Electronics Limited BEL ကလည်း ဇန်နဝါရီလမှာ စစ်တပ်က နောက်ဆုံးလက်ဝယ်အသုံးပြုနေတဲ့ ပစ္စည်းတော်တော်များများကို မြန်မာစစ်တပ်ရဲ့ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးဆီကို ပေးပို့ခဲ့တယ်လို့လည်း JFM ကနေ သိရပါတယ်။
BEL ဟာ အိန္ဒိယအစိုးရက ၅၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
အိန္ဒိယက ပုဂ္ဂလိကနဲ့ အစိုးရ ကာကွယ်ရေးဆိုင်ရာ ကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီနဲ့ တိုက်ရိုက်သော်လည်းကောင်း၊ ပွဲစားကုမ္ပဏီကနေတဆင့်သော်လည်းကောင်း စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ တင်ပို့နေတာတွေကို ရပ်ဆိုင်းဖို့ JFM က တောင်းဆိုထားပါတယ်။
The Tanintharyi Times
