နက်စ်ကော်ဖီနဲ့ မိုင်လိုထုတ်လုပ်တဲ့ ဆွဇ်ဇာလန်ကုမ္ပဏီ Nestle က မြန်မာနိုင်ငံအတွင်းရှိ သူရဲ့ထုတ်လုပ်မှုအားလုံး ရပ်ဆိုင်း

နက်စ်ကော်ဖီနဲ့ မိုင်လိုထုတ်လုပ်တဲ့ ဆွဇ်ဇာလန်ကုမ္ပဏီ Nestle က မြန်မာနိုင်ငံအတွင်းရှိ သူရဲ့ထုတ်လုပ်မှုအားလုံး ရပ်ဆိုင်း

ပုံစာ - ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းစက်မှုဇုံရှိ Nestle စက်ရုံ

ဆွဇ်ဇာလန်ကုမ္ပဏီ ကမ္ဘာကျော် Nestle ဟာ မြန်မာနိုင်ငံအတွင်းက သူတို့ရဲ့ထုတ်လုပ်မှုအားလုံးကို ရပ်ဆိုင်းတော့မယ်လို့ မနေ့က ထုတ်ပြောထားပါတယ်။

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းစက်မှုဇုံရှိ ၎င်းတို့ရဲ့စက်ရုံ လုပ်ငန်းတွေ ရပ်ဆိုင်းတော့မှာဖြစ်ပြီး အဆိုပါ စက်ရုံမှာ ဝန်ထမ်း ၁၃၈ ဦးရှိကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက မီဒီယာတွေကို ပြောထားပါတယ်။

“ဒီဆုံးဖြတ်ချက်ကြောင့် ထိခိုက်ခံစားရသူတိုင်းကို ကူညီပံ့ပိုးပေးဖို့ ကျနော်တို့ တတ်နိုင်သမျှ လုပ်ဆောင်သွားမှာပါ။” လို့ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူကပြောထားပါတယ်။

Nestle ဟာ ပြည်တွင်းဈေးကွက်မှာ စားသုံးသူများတဲ့ မိုင်လို၊ နက်စ်ကော်ဖီနဲ့ Maggi ခေါက်ဆွဲစတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်၊ ရောင်းချနေတာ ဖြစ်ပါတယ်။ ထုတ်လုပ်မှုရပ်ဆိုင်းပေမဲ့ ဈေးကွက်မှာတော့ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကနေ Nestle ထုတ်ကုန်တွေကို တင်သွင်းဖို့ Myanmar Distribution Group (MDG) ကို ခန့်အပ်ထားတယ်လို့ ပြောဆိုထားပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံတကာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ နော်ဝေးနိုင်ငံအခြေစိုက်စိုက် Telenor ဆက်သွယ်ရေးကုမ္ပဏီ၊ စွမ်းအင် ကုမ္ပဏီကြီးတွေဖြစ်တဲ့ TotalEnergiesနဲ့ Chevron တို့ဟာ နိုင်ငံအတွင်းကနေ ထွက်ခွာသွားကြပါတယ်။

The Tanintharyi Times