ကံပေါက်ဒေသက အမျိုးသား ၃ ဦးထပ်မံဖမ်းဆီးခံရ၊ ဖမ်းဆီးခံရသူစုစုပေါင်း ၁၅ ဦးအထိရှိလာ
ကံပေါက်ဒေသက အမျိုးသား ၃ ဦးထပ်မံဖမ်းဆီးခံရ၊ ဖမ်းဆီးခံရသူစုစုပေါင်း ၁၅ ဦးအထိရှိလာ
ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မနေ့ညကထပ်မံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မနေ့ည ၁၂ နာရီလောက်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ်ရှေ့မှာ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားတဲ့ အသက် ၃၆ နှစ်ဝန်းကျင်အရွယ် ကိုသက်အောင်ကိုဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် မြသီတာရပ်ကွက်က အသက် ၁၈ နှစ်ဝန်းကျင်အရွယ် သူ့ရဲ့တပည့်နှစ်ဦးကိုလည်းဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
“အိမ်တွေကိုအရင်အင်အားအပြည့်နဲ့ ဝိုင်းတယ်။ပြီးမှာ တံခါးခေါက်ပြီးဖမ်းသွားကြတာ။ ညဘက်ဆိုရင်တောင် ကြောက်နေရပြီ။ ဖမ်းထားတာက သာမန်ဒေသခံတွေချည်းပါပဲ။ အဖိုးကြီးအဖွားကြီးတွေဆိုအရမ်းသနားဖို့ကောင်းတယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီက အခုလ ၂၅ ရက်နေ့လည်ပိုင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတစ်ဦးသေနတ်နဲ့ပစ်ခတ်ခံရတဲ့နေ့ကစပြီး သုံးညဆက်တိုက်ဖမ်းဆီးလာတာပါ။
လက်ရှိမှာ ဖမ်းဆီးခံထားရသူ အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၁၅ ဦးအထိရှိပြီဖြစ်ပါတယ်။
သူတို့အားလုံးကို မောရဝတီရေတပ်စခန်းဌာနချုပ်မှာဖမ်းဆီးထားပြီး မိသားစုဝင်တွေနဲ့အဆက်သွယ်ပြတ်တောက်နေတယ်လို့လည်းသိရပါတယ်။
ကံပေါက်ဒေသမှာ ဆိုင်ကယ်စီးခွင့်ကိုလည်း စစ်ကောင်စီတပ်ကပိတ်ထားပြီး နေ့ဘက်တွေမှာ လမ်းမတွေပေါ်စစ်ဆေးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။
လွန်ခဲ့တဲ့ ၂ ရက် ည ၇ နာရီလောက်ကလည်း ဆိုင်ကယ်စီးလာတဲ့လူငယ်တစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး ဆိုင်ကယ်ကိုသယ်ဆောင်သွားတယ်လို့သိရပါတယ်။
The Tanintharyi Times
