ကံပေါက်လမ်းမှာ ပစ်ခတ်သံတွေထွက်ပေါ်ပြီးနောက် လမ်းပိတ်၊ ခရီးသွားယာဉ်တွေ နေ့တဝက်နီးပါး ပိတ်မိ

ကံပေါက်လမ်းမှာ ပစ်ခတ်သံတွေထွက်ပေါ်ပြီးနောက် လမ်းပိတ်၊ ခရီးသွားယာဉ်တွေ နေ့တဝက်နီးပါး ပိတ်မိ

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအဝင်မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုပိတ်ချခဲ့လို့ လမ်းသွားလမ်းလာတွေ နေ့တဝက်နီးပါးပိတ်မိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိတဲ့ သစ်တောရုံးလမ်းဆုံနဲ့ ပေနှစ်ထောင်နီးပါးဝေးတဲ့ သဲအေးတောင်အနီးတဝိုက်မှာ ဒီကနေ့ မနက် ၈ နာရီဝန်းကျင်က သေနတ်သံတွေထွက်ပေါ်လာပြီးနောက် လမ်းပိတ်ချလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

လမ်းပိတ်ထားတဲ့အတောအတွင်း ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေကိုတော့ ဖြတ်သန်းခွင့်ပေးခဲ့တယ်လို့ အနီးအနားပတ်ဝန်းကျင်က ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

“သေနတ်သံက တိုက်ပွဲဖြစ်သလိုမျိုးပဲကြားတာ။ တစ်ဖက်တည်းပဲပစ်တာလား တိုက်ပွဲလားတော့မသိဘူး။ ပြီးတာနဲ့လမ်းပိတ်ချလိုက်တာ။ မသိဘဲ သွားမိတဲ့တက္ကဆီသမားတွေဆို တော်တော်ဒုက္ခရောက်ကြတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မွန်းလွဲ ၃ နာရီလောက်မှာတော့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကနေ သေနတ် ၄ ချက်ခန့်ပစ်ဖောက်ပြီး ပိတ်မိနေတဲ့ ယာဉ်တွေကို မိနစ်အနည်းငယ်ဖြတ်သန်းခွင့်‌ပေးပြီးပြန်ပိတ်ခဲ့ပါတယ်။ အခုညနေ ၅ နာရီလောက်မှာတော့ ဖြတ်သန်းခွင့်ပြန်ပေးခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

“ခြံထဲလည်းသွားမရ။ လုပ်စရာရှိတာလုပ်ချလို့မရဘူး။ သွားလိုက်လို့ရွာပြင်ထွက်ခွင့်ပေးပြီး အပြန်ကျ ရွာထဲပြန်ဝင်မရရင်ဘယ်လိုလုပ်မယ်။” လို့ ကံပေါက်ဒေသက ဥယျာဉ်ခြံလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ဒီကနေ့သေနတ်ပစ်သံတွေထွက်ပေါ်လာတဲ့ သဲအေးတောင်နဲ့ကပ်ရက် ပြောင်ပုပ်တောင်အနီးတဝိုက်မှာ အခုနှစ်မေလကလည်း စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရဖူးပါတယ်။

ကံပေါက်ဒေသမှာ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရတဲ့အချိန်တိုင်း ပြည်သူတွေကို ဆိုင်ကယ်စီးခွင့်မပေးတာ၊ ဒေသတွင်းဖြတ်သန်းခွင့်ပိတ်တာ စသဖြင့် နည်းအမျိုးမျိုးနဲ့ ပိတ်ဆို့လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းက သစ်တောရုံးလမ်းဆုံမှာယာယီစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်ငိုက်တိုက်ခိုက်ခံရပြီးနောက်မှာလည်း အဲဒီနေရာမှာ သဲအိတ်ဘန်ကာတွေအခိုင်အမာဆောက်လုပ်ပြီး လမ်းသွားလမ်းလာတွေကို နေ့တိုင်းပုံမှန်စစ်ဆေးတင်းကြပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ အခက်တွေ့နေကြပါတယ်။

The Tanintharyi Times