တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် ဖြစ်နိုင်သမျှ အမြန်ဆုံး စဖို့ အာဆီယံတိုက်တွန်း

တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် ဖြစ်နိုင်သမျှ အမြန်ဆုံး စဖို့ အာဆီယံတိုက်တွန်း

မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ် အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ဒီကနေ့ကျင်းပခဲ့ပြီး မြန်မာ့အရေး သက်ဆိုင်သူတွေကြား တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် ဖြစ်နိုင်သမျှ အမြန်ဆုံး စတင်ဖို့ အရေးတကြီး လိုနေတယ်လို့ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

လက်ရှိမှာ မြန်မာ့အရေးဟာ အလွန်အမင်း ထိလွယ်ရှလွယ် အခြေအနေမှာ ရှိနေဆဲဖြစ်ပြီး ဒါဟာ အာဆီယံနဲ့ အာဆီယံ အထူးကိုယ်စားလှယ်တို့ဘက်က ချို့ယွင်းချက်ကြောင့် မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်ချီကြာ ပြဿနာတွေရဲ့ ရှုပ်ထွေးမှုကြောင့်သာ ဖြစ်တယ်လို့ အာဆီယံဝန်ကြီးတွေက ဆိုပါတယ်။

အဲဒီလို အခက်အခဲတွေ ရှိပေမယ့်လည်း အာဆီယံအနေနဲ့ စိတ်ပျက်အားလျှော့ဖို့ မရှိဘဲ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းတဲ့ အဖြေရှာရေး ကူညီဖို့ ပိုပြီး သန္နိဋ္ဌာန် ခိုင်မာလာတယ်လို့လည်း ဆိုပါတယ်။

အသက်ပေါင်းများစွာ ဆုံးရှုံးနေတဲ့၊ တိုင်းပြည်ကို ဆိုးရွားစွာ ပျက်စီးစေတဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို အဆုံးသတ်ဖို့ ဒါမှမဟုတ် ပိုပြီးဆိုးစေဖို့ဆိုတာ မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ အဓိက သက်ဆိုင်တယ်လို့ အာဆီယံက ဆက်ပြောပါတယ်။

မြန်မာ့ပြဿနာ အဖြေရှာရေး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်မှု အခြေအနေနဲ့ ပတ်သက်လို့ ဒီကနေ့ အစည်းအဝေးမှာ သုံးသပ်ဆွေးနွေးကြပြီး ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ ပိုကောင်းတဲ့ နည်းလမ်းတွေ ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်ရေး အပြင် မြန်မာအနေနဲ့ အာဆီယံမှာ ပုံမှန်အတိုင်း အပြည့်အဝ ပြန်လည်ပါဝင်လာစေဖို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လာမယ့် နိုဝင်ဘာမှာ ကမ္ဘောဒီးယားမှာ ကျင်းပဖို့ရှိနေတဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေးကို တင်သွင်းဖို့ မြန်မာ့အရေးဆိုင်ရာ အကြံပြုချက်တွေကိုလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ အစည်းအဝေးကို တက်ရောက်ဖို့ မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ကိုယ်စားလှယ်ကို ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်ခဲ့ခြင်း မရှိကြောင်း အာဆီယံရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။

The Tanintharyi Times