ဘုတ်ပြင်းမှာ သန်းခေါင်စာရင်းကောက်ယူဖို့အတွက် Non CDM ဝန်ထမ်းတွေကို သင်တန်းပေးနေ
ဘုတ်ပြင်းမှာ သန်းခေါင်စာရင်းကောက်ယူဖို့အတွက် Non CDM ဝန်ထမ်းတွေကို သင်တန်းပေးနေ

ဘုတ်ပြင်းမြို့ပေါ်မှာ သန်းကောင်စာရင်းကောက်ယူနိုင်ဖို့အတွက် Non CDM ဝန်ထမ်းတွေကို မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းအချက်အလက်ကောက်ယူမှုနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေကို စစ်ကောင်စီကပို့ချပေး နေတယ်လို့ ဘုတ်ပြင်းမြို့ခံတွေဆီ ကသိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်ကနေ သင်တန်းစပေးနေတာဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်အထိ သင်တန်းကာလ ဆယ်ရက်ကြာမှာဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။
ဘုတ်ပြင်းမြို့နယ်ထဲက ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးမှာရှိတဲ့ စာသင်ကျောင်းတွေက Non CDM ဆရာ၊ ဆရာမ ၇၇ ဦးအပါအဝင် သင်တန်းသား စုစုပေါင်း ၈၅ ဦးကို သင်တန်းပေးနေတာဖြစ်တယ်လို့ ဘုတ်ပြင်းမြို့ခံတွေကဆိုပါတယ်။
“ ကျောင်းအလိုက် အရေအတွက်အတိအကျနဲ့တက်ရတယ်လို့သိရတယ်။ အချို့ ဆရာမတွေလည်း စာရင်းပါပေမဲ့ မတက်ကြဘူး ကြားရတယ်” လို့ ဘုတ်ပြင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဘုတ်ပြင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အနောက်မှာရှိတဲ့ ပုလဲရတနာခန်းမမှာ သင်တန်းပေးနေတာဖြစ်ပြီး လုံခြုံရေးတွေလည်း ချထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အခုလို ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူနိုင်အတွက် စစ်ကောင်စီဘက်က ပြင်ဆင်နေတာနဲ့ပတ်သက်လို့ ဘုတ်ပြင်းမြို့နယ်အခြေအနေကို ဘုတ်ပြင်းမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ မျက်ခြေမပြတ်စောင့်ကြည့်နေတယ်လို့ ဘုတ်ပြင်းပကဖတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ စစ်ကောင်စီကလုပ်မဲ့ သန်းခေါင်စာရင်းကောက်တာကိုရော၊ ရွေးကောက်ပွဲကိုရော ကျနော်တို့ ဘက်က အသိအမှတ်မပြုဘူးလို့ ရှေ့မှာ ပြောထားကြပြီးသားပါ။ အခုလည်း အခြေအနေစောင့်ကြည့်တာတွေ အချက်အလက်ယူတာတွေ လုပ်နေတယ်။ သူတို့ဘက်ကစပြီဆိုတာနဲ့ ကျနော်တို့ဘက်ကလည်း စလှုပ်ရှားမှာပါ” လို့ တာဝန်ရှိသူက ဆိုပါတယ်။
စစ်ကောင်စီဘက်က တိုင်းအတွင်း တခြားမြို့နယ်တွေမှာလည်း သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်တာတွေရှိနေပါတယ်။
မြိတ်မြို့ပေါ်ရပ်ကွက်တချို့မှာ အခုလ ဒုတိယပတ်က သန်းခေါင်စာရင်းကောက်ယူတာတွေကို ကြိုတင်ကွင်းဆင်း လုပ်ဆောင်နေတာတွေရှိသလို ထားဝယ်မြို့ပေါ်ရပ်ကွက်တွေမှာလည်း အိမ်ရှေ့တွေမှာ အိမ်ရှိလူဦးရေစားရင်းတွေကပ်ထားဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ညွှန်ကြားတာတွေလည်း ရှိနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
စစ်ကောင်စီဟာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအတွက် ပိုစတာတွေစိုက်ထူတာ၊ လက်ကမ်းစာစောင်တွေဝေတာကို တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ဇွန်ကတည်းက စတင်လုပ်ဆောင်ခဲ့တာပါ။
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူတာကိုတော့ လာမဲ့ အောက်တိုဘာလ ၁ ရက်ကနေ ၁၅ ရက်အထိ လုပ်ဆောင်သွားမယ်လို့လည်း ကြေငြာထားပါတယ်။
The Tanintharyi Times