သရက်ချောင်းမှာ စစ်တပ်စစ်ကြောင်းက အရပ်သားနှစ်ဦးကို လည်လှီးသတ်ဖြတ်၊ နေအိမ် ၇၀ ကျော်ကိုမီးရှို့သွား

သရက်ချောင်းမှာ စစ်တပ်စစ်ကြောင်းက အရပ်သားနှစ်ဦးကို လည်လှီးသတ်ဖြတ်၊ နေအိမ် ၇၀ ကျော်ကိုမီးရှို့သွား

ပုံစာ - မီးရှို့ခံထားရတဲ့ မိုးရွှေကုန်းရွာကနေအိမ်တစ်ဆောင်။

သရက်ချောင်းမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့စစ်အုပ်စုတပ်က မိုးရွှေကုန်းနဲ့ စော်ဖျားရွာက နေအိမ် ၇၀ ကျော်ကို မီးရှို့ပြီး ရွာသားနှစ်ဦးကို လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးရဲ‌ဘော်‌တွေကဆိုပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ အခုလ ၁၇ ရက်နေ့ကစလို့ ဥတ္တူ‌‌၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ မိုးရွှေကုန်း၊ စော်ဖျား စတဲ့ရွာတွေကို တပ်ဖြန့်ပြီး စစ်ကြောင်းထိုးနေတာပါ။

အဲဒီစစ်ကြောင်းဟာ အခုလ ၂၂ ရက်‌နေ့မှာ မိုးရွှေကုန်းရွာကနေအိမ်တွေနဲ့ အခုလ ၂၅ ရက်နေ့မှာတော့ ‌စော်ဖျားရွာကနေအိမ်တွေကို မီးရှို့ခဲ့တာပါ။ မီးရှို့ခံရတဲ့နေအိမ် စုစုပေါင်း ၇၀ ကျော်ရှိတယ်လို့ ‌ဒေသခံတွေကဆိုပါတယ်။

“စစ်ကြောင်းထွက်ပေမဲ့ ရွာသားတွေသိပ်မဝင်ရဲကြသေးဘူး။ အဲတော့ အိမ်ဘယ်လောက်ဆိုတာအတိအကျမသိသေးဘူးပေါ့ ” လို့ အနီးအနားရွာမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

နေအိမ်တွေကိုမီးမရှို့ခင်မှာလည်း အိမ်တွေကို မွှေနှောက်ဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကြောင်း အခုလ ၂၅ ရက်နေ့မှာ မြေတင်ကားလေးစီးနဲ့ ပြန်လည်ထွက်ခွာသွားပြီး နေအိမ်တွေကပစ္စည်းတွေကိုလည်း ကားတွေနဲ့ တင်ဆောင်သွားတယ်လို့ ဒေသခံ‌တွေပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် မိုးရွှေကုန်းရွာက အသက်ကြီးပိုင်း အမျိုးသားနှစ်ဦးကိုလည်း သတ်ဖြတ်ပြီး အလောင်းတွေကိုစွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

တနင်္သာရီတိုင်းမ်က ရရှိထားတဲ့ဓာတ်ပုံတွေမှာလည်း လည်လှီးသတ်ဖြတ်ခံထားရပြီး ပုတ်ပွနေတဲ့ အမျိုးသားအလောင်းနှစ်လောင်းကို မြင်ရပါတယ်။

အလောင်းတွေကိုတော့ ရွာထဲကိုရွာသားတချို့ပြန်ဝင်တဲ့ ဒီ‌နေ့မနက်ပိုင်းမှာ မိုးရွှေကုန်းရွာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေအနီးမှာတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးနေတဲ့ ပြီးခဲ့တဲ့တစ်ပတ်အတွင်း မိုး‌‌ရွှေကုန်းရွာတစ်ဝိုက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့သလို စစ်တပ်က လေကြောင်းက ဗုံးကြဲတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ ထားဝယ်ခရိုင်တပ်ရင်း ၁ က တပ်စိပ်မှူးနှစ်ဦး ကျဆုံးခဲ့ပါတယ်။

The Tanintharyi Times