ထိုင်း နဲ့ ကမ္ဘောဒီးယား အပစ်ရပ်ရေးဆွေးနွေးဖို့ သဘောတူတယ်လို့ ထရမ့်ပြောသော်လည်း နယ်စပ်မှာ ပစ်ခတ်မှုတွေဆက်ဖြစ်

ထိုင်း နဲ့ ကမ္ဘောဒီးယား အပစ်ရပ်ရေးဆွေးနွေးဖို့ သဘောတူတယ်လို့ ထရမ့်ပြောသော်လည်း နယ်စပ်မှာ ပစ်ခတ်မှုတွေဆက်ဖြစ်

ပုံစာ - ထိုင်း - တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ ကမ္ဘောဒီယား စစ်သားတစ်ဦး

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထိုင်း နဲ့ ကမ္ဘောဒီးယားခေါင်းဆောင်တွေ ကို အပစ်အခတ်ရပ်စဲရေး အတွက်ချက်ချင်းဆွေးနွေးဖို့ တယ်လီဖုန်းဆက်ပြောဆိုခဲ့ပြီး သဘောတူညီမှုရခဲ့ကြောင်း သူရဲ့ လူမှုကွန်ရက် ရေးသားထားပေမယ့် ဒီနေ့ ဇူလိုင်လ ၂၇ ရက်မနက်မှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတယ်လို့ ထိုင်းသတင်းတွေကပြောထားပါတယ်။

ဒီကနေ့ မနက်မှာလည်း ကမ္ဘောဒီးယားက ထိုင်းဘက်မှာရှိတဲ့ လူနေအိမ်ရှိတဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့ ပစ်ခဲ့လို့ ထိုင်းစစ်တပ်ကလည်း ပြန်လည်တုန့်ပြန်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ထိုင်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး ဝင်းထိုင်း စူဗာရီ ကပြောပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေတာ လေးရက်မြောက်နေ့ လည်း ဖြစ်ပါတယ်။

ပစ်ခတ်မှုတွေဟာ ဒီနေ့မနက် ၄ နာရီခွဲဝန်းကျင်မှာ တကွိုင် ဘုရားကျောင်းနားကနေ စတင်ခဲ့ပြီး မနက် ၅ နာရီခွဲမှာ ထိုင်းဘက်ကနေ ပြန်လည်တုန့်ပြန်ပစ်ခတ်ခဲ့ရတယ်လို့ ဗိုလ်မှူးကြီး ဝင်းထိုင်း စူဗာရီ ကဆိုပါတယ်။

ကမ္ဘောဒီးယားက နယ်စပ်မျဉ်းတစ်လျောက် အထိုင်စခန်းတွေကနေ PHL-03, RM 70 နဲ့ BM-21 တို့လို အဖျက်စွမ်းအားမြင့်အမြောက်တွေ၊ ဒုံးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ထိုင်းဘက်က မဖြစ်မနေ ပြန်လည်ကာကွယ်ဖို့ လုပ်ဆောင်ရတာလို့လည်း ဗိုလ်မှူးကြီး ဝင်းထိုင်း စူဗာရီ ကပြောပါတယ်။

ကမ္ဘောဒီးယားဘက်ကတော့ ချင်ချင်းအပစ်ရပ်လိုကြောင်း မနေ့ ကလည်းထုတ်ဖော်ပြောဆိုထားပါတယ်။

ဒေါ်နယ်ထရမ့် က သုံးရက်ကြာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်ဖိုပ ချက်ချင်းဆွေးနွေးပွဲ စတင် ရေး ထိုင်း နဲ့ ကမ္ဘောဒီယား ခေါင်းဆောင်တွေ သဘောတူခဲ့တယ်လို့ ဇူလိုင် ၂၆ မှာ တရားဝင်ထုတ်ပြောထားပါတယ်။

အပစ်အခတ်မရပ်စဲဘူးဆိုရင် အမေရိကန်ပြည်ထောင်စု အနေနဲ့ ကုန်သွယ်ရေးစာချုပ်အတွက် ဆွေးနွေးမှာ မဟုတ်ဘူးလို့လည်းပြောဆိုခဲ့ပါတယ်။

ထိုင်း – ကမ္ဘောဒီယား နယ်စပ်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နှစ်နိုင်ငံအတွင်း သေဆုံးသူ ၃၂ ဦးထိ ရှိလာပြီး စစ်ရှောင် ပြည်သူ ၁၆၁,၀၀၀ ကျော်လာပြီလို့နှစ်ဖက်ထုတ်ပြန်ချက်တွေ အရသိရပါတယ်။

ထိုင်းနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သား ၁၃၈,၀၀၀ ကျော်ရှိနေပြီး ကမ္ဘောဒီးယား ဘက်မှာတော့ ၂၃,၀၀၀ ကျော် စစ်ရှောင်နေရပါတယ်။

ထိုင်း – ကမ္ဘောဒီယား နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ထိုင်းဘက် က ၁၉ ဦးသေဆုံးခဲ့ပြီး အဲ့ဒီထဲမှာ အရပ်သား ၁၃ ဦး နဲ့ စစ်သား ၆ ဦးပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန် ထိ ကမ္ဘောဒီးယားဘက် က စစ်သား ၅ ဦးနဲ့ အရပ်သား ၈ ဦး စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့တယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။

ကိုးကား – ဂါးဒီယန်း၊ Khaosod English

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times