မြန်မာ့အရေး ဝင်မစွက်ဘူးလို့ တရုတ်တုံ့ပြန်
မြန်မာ့အရေး ဝင်မစွက်ဘူးလို့ တရုတ်တုံ့ပြန်
စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် လေးဦးကို သေဒဏ်စီရင်ခဲ့တဲ့အပေါ် တရုတ်က ပြစ်တင်ရှုတ်ချဖို့ တိုက်တွန်းနေချိန် တရုတ်ကတော့ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က တုံ့ပြန်ပြောကြားလိုက်ပါတယ်။
“တရုတ်ဟာ အခြားနိုင်ငံရဲ့ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေးမူကို လိုက်နာပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က မြန်မာနိုင်ငံကို ရည်ညွှန်းပြီး မနေ့က ပြောခဲ့တာပါ။
မြန်မာနိုင်ငံရှိ အစုအဖွဲ့အားလုံးအနေနဲ့ တိုင်းပြည်ရဲ့ ရေရှည်အကျိုးစီးပွားအတွက် ရှေးရှုလုပ်ဆောင်သင့်ပြီး မတူကွဲလွဲမှုတွေကို ဖွဲ့စည်းပုံနဲ့ ဥပဒေဘောင်အတွင်းကနေ စနစ်တကျ ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ တရုတ် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
သေဒဏ်စီရင်မှု ပေါ်ထွက်လာတဲ့နောက်မှာ တရုတ်အနေနဲ့ သူ့ရဲ့ဩဇာလွှမ်းမိုးမှုနဲ့ မြန်မာ့အရေးမှာ ဝင်ရောက်ဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းတာနဲ့ ပတ်သက်လို့ မေးတဲ့အခါမှာ ၎င်းက အဲဒီလို တုံ့ပြန်တာ ဖြစ်ပါတယ်။
တစ်ဘက်မှာတော့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို သူနဲ့ တိုက်ရိုက်ဆက်ဆံမှု ရှိနေတဲ့ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကပါ ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေ အချည်းအနှီးဖြစ်စေကြောင်း ပြောဆိုထားပါတယ်။
အလားတူ ဂျပန်၊ တောင်ကိုရီးယားနဲ့ အနောက်နိုင်ငံကြီးတွေကလည်း စစ်ကောင်စီအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ပြီး နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေ ဆောင်ရွက်ဖို့ စီစဉ်နေသလို မလေးရှားနိုင်ငံကလည်း အာဆီယံ အစည်းအဝေးအားလုံးမှာ စစ်ကောင်စီကို မဖိတ်တော့ဖို့ ဆုံးဖြတ်ကြောင်း ပြောကြားထားပါတယ်။
ကိုးကား – Anadolu Agency
The Tanintharyi Times
