တနင်္သာရီမှာ လေယာဥ်နဲ့ဗုံးကြဲလို့ အိမ်တစ်လုံးပျက်စီး၊ ကလေးငယ်တစ်ဦး ဒဏ်ရာရ

တနင်္သာရီမှာ လေယာဥ်နဲ့ဗုံးကြဲလို့ အိမ်တစ်လုံးပျက်စီး၊ ကလေးငယ်တစ်ဦး ဒဏ်ရာရ

ဓာတ်ပုံ - CJ

တနင်္သာရီမြို့နယ်က သကျက်နဲ့ ဘန်လောကျေးရွာအုပ်စုထဲမှာရှိတဲ့ ရွာတွေကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်တစ်လုံးပျက်စီးခဲ့ပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒီနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ သကျက်ကျေးရွာအုပ်စုက ကျွဲထိန်းကုန်းရွာ၊ ဘန်လောကျေးရွာအုပ်စုက ဘန်လင်ရွာနဲ့ သမီးလှရွာတွေကို K8-W ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးလာရောက်ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

ကျွဲထိန်းကုန်းရွာမှာ ဗုံးအလုံးရေ ဆယ်လုံးထက်မနည်းကြဲချခဲ့ပြီး ဘန်လင်ရွာနောက်ကျောဘက်ဆီအုန်းတောနဲ့ သမီးလှရွာအနောက်ဘက်က ကွင်းပြင်တွေကိုလည်း ဗုံးသီးအချို့ ထပ်ကြဲခဲ့တယ်လို့ ဒေသခံတွေနဲ့ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

“ဒီလထဲ တိုက်ပွဲဖြစ်တာမျိုးမရှိထားဘူး။ သူတို့ဘက်က အလုပ်လုပ်ပြတာလား။ ပြည်သူလူထုကို ခြောက်လှန့်ချင်တာလား တစ်ခုခုပါပဲ။ ဒါပေမဲ့ တနင်္သာရီဘက်က ရွာတွေကတော့ လေကြောင်းရန်ကို အမြဲတမ်းသတိထားရမဲ့ အခြေအနေတော့ဖြစ်သွားပြီပေါ့” လို့ တနင်္သာရီမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျွဲထိန်းကုန်းရွာက နေအိမ်တစ်ဆောင်ပျက်စီးခဲ့ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျွဲထိန်းကုန်းရွာဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ကလေးက အိမ်ထဲမှာရှိနေတာပါ။ အရမ်းကြီးမထိခိုက်သွားဘူး။ ပွန်းပဲ့ပြီး ခြစ်မိတဲ့ ဒဏ်ရာတွေ ရသွားတယ်” လို့ ကျွဲထိန်းကုန်းရွာဒေသခံ အမျိုးသားတစ်ဦးကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုထဲကို စစ်ကောင်စီက MI 2 ရဟတ်ယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တကူဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီဟာ အခုနှစ်ထဲမှာ တနင်္သာရီတိုင်းထဲက တနင်္သာရီ၊ ရေဖြူ၊ သရက်ချောင်းနဲ့ ထားဝယ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်တာတွေမကြာခဏလုပ်‌ေဆာင်နေပါတယ်။

The Tanintharyi Times