ကော့သောင်းမှာ လူငယ် ၂၀ ကျော် စစ်ကောင်စီတပ်က ဖမ်းဆီးထား

ကော့သောင်းမှာ လူငယ် ၂၀ ကျော် စစ်ကောင်စီတပ်က ဖမ်းဆီးထား

ကော့သောင်းမြို့မှာ လူငယ်၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတယ်လို့ မြို့ခံတွေနဲ့ ‌တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၄ ရက်နေ့ညက ရွှေမင်းဝံရပ်ကွက်က အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီတပ်က နေအိမ်မှာဝင်ဖမ်းပြီး၊ သူ့ကတဆင့် အေးမြကန်သာရပ်ကွက်က‌ နေအိမ်တစ်ဆောင်က လူငယ်တစ်ဦးကို ဝင်ဖမ်းခဲ့တယ်လို့ သိရပါတယ်။

ပြီးနောက် နောက်ထပ် အမျိုးသားနှစ်ဦးကို နေအိမ်အသီးသီးကနေ ဝင်ဖမ်းသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်တစ်ဆောင်ကို ဝင်ဖမ်းချိန်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်တယ်လို့လည်း ဒေသခံအချို့က ပြောဆိုတာတွေ ရှိပါတယ်။

အဆိုပါ ဖမ်းဆီးပြီး သိပ်မကြာခင်မှာပဲ အမျိုးသမီးငယ် တစ်ဦးအပါအဝင် လူငယ် ၁၆ ယောက်ကို ထပ်မံ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“အခုတမြို့လုံးကုန်နေပြီလိုက်ဖမ်းနေတာ။ မိဘတွေကလိုက်ထုတ်နေတာ။ စကစဘက်က မင်းတို့သားသမီးတွေကို ရေစက်ချဖို့အသင့်လုပ်ထားလို့ ပြောလိုက်တယ်။” လို့ မြို့ခံတစ်ဦးက ပြောပြပါတယ်။

မနေ့ညကလည်း ရွှေဟင်္သာရပ်ကွက်မှာ လူငယ် အမျိုးသား ၆ ဦးကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မနေ့ညကလည်း မြို့ပေါ်ကအရပ်သားနှစ်ဦးထပ်မံဖမ်းဆီးခံရတာတွေရှိသလို ဆက်တိုက်အဖမ်းခံရတာတွေရှိနေတယ်လို့ သိရပါတယ်။

လက်ရှိဖမ်းဆီးခံထားရတဲ့အရပ်သားတွေအကုန်လုံးဟာ ‌ကော့သောင်းမြို့၊ ၇ မိုင်မှာရှိတဲ့ စစ်ကြောရေးမှာဖမ်းဆီးခံထားရပြီး ညှင်းပန်းနှိပ်စက်ခံနေရတယ်လို့ သိရပါတယ်။

အခုနှစ် မတ်လကလည်း ကော့သောင်းမြို့ကနေ ဘုတ်ပြင်းဘက်ကိုလာတဲ့ ကော့သောင်း(ပကဖ)အဖွဲ့ဝင် လေးဦး ဖမ်းဆီးခံခဲ့ရပြီး အသတ်ခံလိုက်ရတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

ဒါ့အပြင် ဧပြီလအထဲမှာလည်း သီရိမြိုင်ရပ်ကွက်က သင်္ကြန်မဏ္ဍပ်မှာ ကော့သောင်း(ပကဖ)အဖွဲ့ဝင် အမျိုးသားတစ်ဦးဖမ်းဆီးခံလိုက်ရပြီး အသတ်ခံလိုက်ရတယ်လို့ ‌အဖွဲ့တာဝန်ရှိသူကနေ သိရပါတယ်။

The Tanintharyi Times