ပုလောမြို့နယ်၊ ဝက်တိုးရွာအနီးက တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ဦးသေဆုံး

ပုလောမြို့နယ်၊ ဝက်တိုးရွာအနီးက တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ဦးသေဆုံး

PDF

စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဟာ ဒီနေ့မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်က မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဝက်တိုးရွာအနီးမှာ တိုက်ပွဲဖြစ်ပွါးခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာ တိုက်ပွဲမှာ တစ်ဦးသေဆုံးတာအပြင် ၃ ဦးခန့်လည်း ထိခိုက်မှုရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွါးနေချိန်နဲ့ဖြစ်ပွါးပြီးချိန်မှာ ပုလောမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ (၂၈၅ ) က ပုလောကုန်းရွာနဲ့ ဝက်တိုးရွာဘက်ကို လက်နှက်ကြီးနဲ့ ၁၀ချက်ဝန်းကျင် ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

“လက်နှက်ကြီးပစ်သံတွေ အနီးကပ်လိုမျိုးပဲကြားရတာ။ မနက် ၁၀ နာရီဝန်းကျင်လောက်ကနေ နေ့လည် ၂နာရီလောက်အထိပဲ” လို့ပုလောမြို့ခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ပုလောရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

မေလ ၁၃ ရက်နေ့ကလည်း ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ကို ပုလောမဟာမိတ် တပ်ပေါင်းစုက နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်ဘက်က အများအပြား ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

The Tanintharyi Times