တနင်္သာရီ ၊ဘန်းလမွတ်ရွာဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီစစ်ကြောင်း နှစ်ကြိမ်မိုင်းဆွဲခံရ

တနင်္သာရီ ၊ဘန်းလမွတ်ရွာဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီစစ်ကြောင်း နှစ်ကြိမ်မိုင်းဆွဲခံရ

ပုံစာ - တနင်္သာရီမြို့နယ်ကပြည်သူ့ကာကွယ်ရေးရဲဘော်တွေ။

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ ဇဝဲတပ်ရင်းက စစ်ကောင်စီတပ်သားတွေဟာ မနေ့က နှစ်ကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တွေ နဲ့ ဒေသခံတွေဆီကသိရပါတယ်။

အခုလ ၂၆ ရက်၊ မနက် ၅ နာရီဝန်းကျင်မှာ ခမရ (၅၅၆) က အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ဇဝဲရွာနဲ့ ရမ်းဖိုရွာကြားရှိ ကျောက်ချောင်းဒေသအရောက်မှာ တနင်္သာရီပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေ ပထမ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒီတိုက်ခိုက်မှုပါဝင်တဲ့ မြေပြင်ရဲဘော်အချို့က ပြောပါတယ်။

ပထမအကြိမ်မိုင်းဆွဲခံရပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို အရပ်သုံးအမိုးဖွင့်ကားတစ်စီးနဲ့ လာရောက်သယ်ယူသွားတာကို တွေ့ခဲ့ရတယ်လို့ အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးတစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီစစ်ကြောင်း ဟာ ဘန်းလမွတ်ရွာအနီးကို ရောက်ရှိလာချိန် ညနေ ၄ နာရီဝန်းကျင်မှာ နောက်တကြိမ်ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။

“ သူတို့ တောလမ်းအတိုင်း တက်လာတော့ ကြိုထောင်ထားတဲ့ မိုင်းကြိုးကို ထိတာပါ” လို့ တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ မြေပြင်ရဲဘော်တစ်ဦးက ဆိုပါတယ်။

မြေပြင်စစ်ရေးအခြေအနေ ရှုပ်ထွေးနေတာကြောင့် တိုက်ပွဲအခြေအနေနဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဖြေကြားပေးခြင်းမရှိသေးပါဘူး။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ လက်နက်ကြီးတွေပစ်ခတ်ပြီး ဆက်လက်စစ်ကြောင်းထိုးတာကြောင့် ဒီကနေ့မနက် ၁၀ နာရီခွဲဝန်းကျင် မြန်မာအင်းတော်ရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။

လက်ရှိတနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့တဲ့ ၂၂ ရက်၊ ၂၄ ရက်၊ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ စစ်ကောင်စီဘက်က သိန္ဓောကျေးရွာကို လေကြောင်းနဲ့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေပါတယ်။

The Tanintharyi Times